
အီရန်နဲ့ အမေရိကန်အစိုးရတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အရေးကြီးတဲ့အဆင့်မှာ ရှိနေချိန်မှာ အီရန်က သူ့စွမ်းရည်နဲ့ ခွန်အားကို ပြသခဲ့တယ်လို့ တရုတ်နိုင်ငံက ရှုမြင်တဲ့အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက မေ ၆ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်ရဲ့ နိုင်ငံတကာရပ်တည်ချက် မြင့်တက်လာပြီး “ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်” တခု ရှိလာမယ်လို့ တရုတ်နိုင်ငံက ယုံကြည်နေတဲ့အကြောင်း အာရတ်ချီက ပြောပါတယ်။
နှစ်ဖက်စလုံးက စစ်ပွဲ၊ အမေရိကန်နဲ့ လက်ရှိဆွေးနွေးမှုတွေ၊ အီရန် နျူကလီးယားအစီအစဉ်၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ဟော်မုဇ်ရေလက်ကြား အခြေအနေတို့ကို ပြန်သုံးသပ်ခဲ့တယ်လို့လည်း အာရတ်ချီက ပြောပါတယ်။
အီရန်အပေါ် အမေရိကန်- အစ္စရေးတို့က တိုက်ခိုက်တဲ့ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံ အထောက်အပံ့တွေကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာ့ထိပ်တန်းရေနံတင်သွင်းသူ တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။
အဲဒီနောက်ပိုင်း အာရတ်ချီရဲ့ တရုတ်နိုင်ငံဆီ ပထမဆုံးခရီးစဉ်အတွင်း ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရန်လိုမှုတွေ လုံးဝရပ်တန့်ဖို့ အရေးကြီးပြီး ပဋိပက္ခကို ပြန်စတာဟာ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောခဲ့တဲ့အကြောင်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား CCTV က သတင်းထုတ်ပါတယ်။
စာမျက်နှာ တမျက်နှာပါတဲ့ စာချွန်လွှာတခုနဲ့အတူ အမေရိကန်နဲ့ အီရန်အစိုးရတို့ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ နီးကပ်နေပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်လို ကိစ္စတွေကို နောက်ပိုင်း ဆွေးနွေးပွဲတွေအတွက် ချန်ထားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီနောက် အီရန်က အမေရိကန်ရဲ့ အဆိုပြုချက်အသစ်ကို ပြန်သုံးသပ်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ သီးခြား ပြောကြားခဲ့ပါတယ်။
Source: Reuters










