DVB Logo
Home
မြန်မာသတင်း
စစ်တွေက စစ်ရှောင်စခန်းများတွင် ယားနာကူးစက်ပြန့်ပွားနေပြီး ကုသရန် အခက်တွေ့
ကေခိုင်
·
August 26, 2026
စစ်တွေ စစ်ဘေးရှောင်စခန်း။ (Photo: ဒေသခံ)
စစ်တွေ စစ်ဘေးရှောင်စခန်း။ (Photo: ဒေသခံ)
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်ဘေးရှောင် စခန်းတွေမှာ ကလေးငယ်တွေ အရေပြားယားနာရောဂါ ကူးစက်ပြန့်ပွားနေပြီး တဖက်မှာလည်း စစ်အာဏာရှင်တပ်က ဆေးသယ်ယူခွင့် ကန့်သတ်ထားလို့ စစ်တွေမှာ ယားနာလိမ်းဆေးတွေ ပြတ်နေသလို ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေဟာ ဆေးဝါးကုသနိုင်ဖို့ အခက်အခဲ တွေ့နေပါတယ်။

၂၀၂၄ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့နယ်အတွင်းရှိ ဗျိုင်းဖြူ၊ ကျေးတော၊ ရွှေပြည်သာနဲ့ ရေချမ်းပြင် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ စစ်အုပ်စုရဲ့ အဓမ္မ နှင်ထုတ်မှုတွေကြောင့် စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၀ ကျော်မှာ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်အဖြစ်နဲ့ ယာယီခိုလှုံနေထိုင်နေကြရပါတယ်။

လက်ရှိ မိုးတွင်းကာလမှာ အဲဒီစစ်ရှောင်ကလေးငယ် ၁၀ ရာခိုင်နှုန်းလောက်ဟာ အရေပြားရောဂါ ကူးစက်ခံနေရပေမဲ့ ငွေကြေးမတတ်နိုင်တဲ့အတွက် ဆေးမကုနိုင်ဘဲ ဖြစ်နေကြပါတယ်။

အရင်က တလမှာ ၂ ကြိမ် စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနက စစ်ဘေးရှောင်စခန်းတွေမှာ ဆေးဝါးအခမဲ့ ကုသပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ဆေးဝါးစောင့်ရှောက်မှု မရရှိသေးဘူးလို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ဝဲပေါက်ကြတယ်၊ ယားနာတွေဖြစ်တာပေါ့၊ ဆေးရုံဆေးခန်းတွေတော့ မသွားနိုင်ဘူး။ သက်သာတဲ့ကလေးတွေလည်း ရှိသလို မသက်သာတဲ့ကလေးတွေလည်း ရှိပါတယ်။ ဆေးတွေက နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဝယ်လို့ရပါတယ်။ ပိုက်ဆံက လိုတာပေါ့နော်၊ ပိုက်ဆံမရှိတော့ ဝယ်လို့မရဘူးလေ။ ဆေးရုံ ဆေးခန်း သွားချင်ပေမဲ့ ပိုက်ဆံမရှိလို့ သွားလို့မရဘူးလေ။ ဒီမှာက ဆေးတွေက တအားဈေးကြီးတယ်။ ပိုက်ဆံမရှိရင် ဘယ်မှ သွားလို့မရဘူး။ ပြည်နယ်ကျန်းမာရေးဌာနကလည်း တလ နှစ်ကြိမ် ဆေးခန်းဖွင့်ပေးတယ်။ ဒီ ၈ လပိုင်းမှာတော့ မရောက်သေးဘူး။ လစဉ် ကျန်းမာရေးဌာနတွေက မဖွင့်ရင် ဆေးကပြတ်တယ်လေ။”

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး စစ်အာဏာရှင်တပ်က ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် စစ်တွေမြို့မှာ ဆေးဝါးနဲ့ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပါတယ်။

လက်ရှိမှာလည်း ဆေးဝါးသယ်ယူခွင့်ရဖို့ စစ်အုပ်စုရဲ့ နယ်လုံအဆင့်ဆင့်ကို ခွင့်ပြုချက်တင်ရပြီး သယ်ယူစရိတ်နဲ့ စာရွက်စာတမ်းကိစ္စကြောင့် ဆေးဝါးဈေးနှုန်းက ရန်ကုန်ဈေးထက် ၂ ဆ၊ ၃ ဆအထိ မြင့်တက်နေတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။

“ရန်ကုန်ကိုသွားပြီး ဆေးကုသတာတို့ဆိုရင် တကိုယ်စာ သောက်ဆေးတွေကို သယ်လို့ရတယ်။ တဆင့်ပြန် ရောင်းချဖို့တွက် ဆေးတွေအများကြီး သယ်လို့မရဘူး။ နောက်တခုက စစ်တွေမြို့က လိုင်စင်ရှိဆေးဆိုင်တွေဆိုရင် ဆေးဝါးသယ်မယ်ဆိုရင် နယ်လုံကိုတင်ရတယ်။ တင်ပြီးတော့ စာရွက်စာတမ်းတွေနဲ့ ဆေးအမျိုးအစား၊ အားဆေး၊ ပိုးသတ်ဆေး၊ ကာကွယ်ဆေးကအစ ဆေးနာမည်တွေနဲ့ ဆေးအရေအတွက်ကအစ နယ်လုံ၊ အစိုးရအဖွဲ့ရုံးကိုတင်၊ အဲဒီကကျလာပြီးမှ သင်္ဘောနဲ့ သယ်ယူခွင့်ရတာပါ။ ဒါပေမဲ့ အဲဒီဆေးတွေကို အဆင့်ဆင့် စစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့မှ အချက်အလက်တွေနဲ့ ကိုက်ညီရင် သယ်လို့ရတယ်။ သယ်ယူစရိတ်ရယ်၊ စာရွက်စာတမ်းလုပ်ရတဲ့ စရိတ်အဆင့်ဆင့်တွေကြောင့် ရန်ကုန်မြို့မှာ ၃,၀၀၀ လောက်ပဲဆိုရင် ဒီမှာက ၁၀,၀၀၀၊ ၁၂,၀၀၀ လောက်ထိ ရောင်းချရတဲ့ အနေအထားပေါ့နော်။ ၂ ဆ၊ ၃ ဆ လောက်တော့ ပိုများသွားတာ‌ပေါ့နော်။”

အဲဒီလို ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားတဲ့အတွက် ယားနာလိမ်းဆေးတွေပါ စစ်တွေမြို့မှာ ရှားပါးနေပြီး ရှာဝယ်လို့မရတဲ့အထိ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နောက်တခုက စစ်ရှောင်တွေရဲ့ ဝင်ငွေနဲ့ ဆေးဖိုးဝါးခ ဈေးကြီးတာပါ။ စစ်ရှောင်တွေကို အာဏာသိမ်းစစ်တပ်က တယောက်ကို တလ နှစ်သောင်းနှုန်းနဲ့ပဲ ထောက်ပံ့တာဖြစ်ပြီး အဲဒီထောက်ပံ့ငွေကလည်း မှန်မှန်မရပါဘူး။ ဒါ့အပြင် စစ်ရှောင်တွေဟာ ဝင်ငွေအတွက် အလုပ်အကိုင်လည်း မရှိသလောက် ရှားပါးပါတယ်။

အဲဒီလိုအချိန်မှာ ယားနာလိမ်းဆေးတဘူးကို တသောင်းခွဲကနေ နှစ်သောင်းကြားပေးပြီး ဝယ်လိမ်းဖို့ဆိုတာ စစ်ရှောင်တွေအတွက် လက်လှမ်းမမီသလို ငါးထောင်ကနေ တသောင်းကြားအထိရှိတဲ့ သောက်ဆေးဝယ်ဖို့လည်း အခက်အခဲရှိပါတယ်။

ဒီလိုအခြေအနေမှာ ကျန်းမာရေး‌စောင့်ရှောက်ခွင့် ဆုံးရှုံးနေရတဲ့ စစ်တွေမြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အခမဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

စစ်တွေ စစ်ရှောင်တယောက်က “ ဒီ ကျန်းမာရေးအတွက် တလမှာ နှစ်ကြိမ်လောက် အခမဲ့ပေါ့နော်၊ နိုင်ငံတကာကျန်းမာရေးအဖွဲ့တွေပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ ကျန်းမာရေးဌာနကပဲဖြစ်ဖြစ် လာကုသပေးတာမျိုးတော့ လိုချင်ပါတယ်” လို့ ပြောပါတယ်။

အခုလို မိုးရာသီမှာ နာမကျန်းဖြစ်တာနဲ့ အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013