
ပြီးခဲ့တဲ့လက အီရန်နဲ့ လက်မှတ်ထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၈ ရက်မှာ ပြောကြားလိုက်ပြီး အီရန်ကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
၈ ရက်နေ့ ညပိုင်းမှာ အီရန်နိုင်ငံတောင်ပိုင်း ဟော်မုဇ်ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ဆီရစ်ခ်နဲ့ ဘန်ဒါအဘားစ်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။
အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ နိုင်ငံတကာရေကြောင်းသွားလာရေးကို ခြိမ်းခြောက်နေတဲ့ တီဟီရန်ရဲ့ လုပ်နိုင်စွမ်းကို လျှော့ချဖို့ အခုလို တိုက်ခိုက်တာလို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ချာဘာဟာမြို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပြီး ဘူရှီးယားမြို့က တော်လှန်ရေးအစောင့်တပ်စခန်းမှာလည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုအပြီးမှာတော့ ဘာရိန်းနဲ့ ကူဝိတ် အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေဘက်ကို အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မနေ့ညက အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သလို ဒီကနေ့ည (၈ ရက်နေ့ည) မှာလည်း ထပ်တိုက်မယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
“သူတို့နဲ့ ဆက်မဆွေးနွေးချင်တော့ဘူး၊ သူတို့က လူဖျင်းတွေပါ။ လူဖျင်းဆိုတာ ဘာလဲသိလား။ သူတို့က ရူးနေတဲ့ကောင်တွေပါ” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကလည်း “ရိုင်းစိုင်းမှုတွေကို ရိုင်းစိုင်းမှုတွေနဲ့ မတုံ့ပြန်ပါဘူး၊ ရဲရဲဝံ့ဝံ့နဲ့ လက်တွေ့လုပ်ရပ်နဲ့ပဲ တုံ့ပြန်သွားပါမယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။










