
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ အောက်တိုဘာ ၁၄ ရက် ဒီမနက်အစောပိုင်း ၄ နာရီလောက်က ပခမ်းရပ်ကွက်ရှိ “ပြည့်စုံဖြိုး” ဆန်စပါးပွဲရုံ မီးလောင်ပြီး အနီးနားက နေအိမ် ၅ လုံးထက်မနည်း မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ရာနေရာမှာ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “လူသေဆုံးတာတော့ မရှိပါဘူး။ ပွဲရုံအပါအဝင် ၅ အိမ် ၆ အိမ်လောက် လောင်သွားတယ်။ ပြည့်စုံဖြိုး ပွဲရုံက စလောင်တာပေါ့။ ပွဲရုံနဲ့ အိမ်နဲ့တွဲနေကြတာ” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို ဟင်္သာတခရိုင်နဲ့ မြို့နယ်အပါအဝင် ဒေသခံ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ငြှိမ်းသတ်ခဲ့ကြပြီး လူမှုကူညီရေးအသင်းတွေကလည်း ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကို အချိန် ၂ နာရီလောက် ငြှိမ်းသတ်ခဲ့ရပြီး မနက် ၅ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။











