လက်ဘနွန်နဲ့ အစ္စရေးတို့ ဧပြီ ၁၆ ရက်မှာ ဆွေးနွေးမှာဖြစ်ပြီး အီရန်နဲ့ အမေရိကန်တို့ကတော့ တဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
လက်ဘနွန်နဲ့ အစ္စရေးတို့ ဆွေးနွေးဖွယ်ရှိတယ် ဆိုတဲ့အကြောင်းကိုပဲ ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ဖော်ပြခဲ့တာဖြစ်ပြီး ဆွေးနွေးမှုအသေးစိတ်နဲ့ ပတ်သက်လို့တော့ ဖော်ပြတာမျိုး မရှိပါဘူး။ အီရန်ကို ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ တိုက်ခိုက်မှုဟာ ရက်သတ္တပတ် ၆ ပတ်ကျော်အထိ ရောက်ရှိလာပါတယ်။
အပစ်ရပ်ရေးနဲ့ပတ်သက်ပြီး မကြာမီ ကြေညာနိုင်မှာ ဖြစ်တယ်လို့လည်း လက်ဘနွန် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆွေးနွေးပွဲပြုလုပ်နေချိန်မှာ ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲတွေလုပ်ချိန် လက်ဘနွန်နိုင်ငံတောင်ပိုင်း လုံခြုံရေးဇုန်မှာ အစ္စရေးက စစ်ရေးတိုးမြှင့်မှုတွေ ပြုလုပ်ဖို့ နေတန်ယာဟုက မှာကြားထားကြောင်း ဗီဒီယိုမိန့်ခွန်းမှာ ပြောထားတာပါ။
လက်ဘနွန်နဲ့ ဆွေးနွေးမှု ပြုလုပ်မဲ့ အစ္စရေးမှာ အဓိကရည်ရွယ်ချက် ၂ ခုရှိတယ်လို့ ဆိုပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့၊ ရေရှည်ငြိမ်းချမ်းရေးရဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ ဖြစ်တဲ့အကြောင်းလည်း နေတန်ယာဟုက ပြောခဲ့ပါသေးတယ်။
အမေရိကန်ဟာ အီရန်နဲ့ နောက်ထပ် ၂ ပတ် အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေက မမှန်ကြောင်းလည်း အိမ်ဖြူတော်က ဖြေရှင်းထားပါတယ်။
အီရန်နဲ့ အမေရိကန်တို့ ဒုတိယအကြိမ် ဆွေးနွေးပွဲပြုလုပ်မဲ့ ကိစ္စကလည်း လုပ်ဆောင်ဆဲအဆင့်ပဲ ရှိနေတယ်လို့ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ပါကစ္စတန်က ကိုယ်စားလှယ်တွေ ညှိနှိုင်းမှုတွေလုပ်ဖို့ အီရန်ကို ရောက်နေပါတယ်။
အစောပိုင်းသတင်းတွေအရ အမေရိက အီရန်ကို ရေကြောင်းပိတ်ဆို့မှုတွေ ဆက်လုပ်မယ်ဆိုရင် ပင်လယ်ကွေ့၊ ပင်လယ်နီနဲ့ အိုမန်ပင်လယ်ကွေ့နေရာတွေမှာ သင်္ဘောဖြတ်သန်းမှုတွေကို တိုက်ခိုက်မယ်လို့ အီရန်စစ်တပ်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
Source: Reuters











