
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝင်ဘလေကွင်းမှာ ကျင်းပခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ကာရာဘောင် ဖလားဗိုလ်လုပွဲမှာ လက်မှတ်ရှိသူနောက်ကနေ ကပ်လိုက်ပြီး ကွင်းထဲခိုးဝင်ခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသားတယောက်ကို ဗြိတိန်ရဲ့ “လက်မှတ်မပါဘဲ ခိုးဝင်မှု - Tailgating”’ ဥပဒေအသစ် အရ ပထမဆုံးအကြိမ် တရားစွဲဆိုလိုက်ပါတယ်။
ဒီဥပဒေဟာ ဗိုလ်လုပွဲကျင်းပတဲ့နေ့မှာတင် စတင်အသက်ဝင်လာခဲ့တာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ပေါင် ၁,၀၀၀ အပြင် ဘောလုံးကွင်းအတွင်း ဝင်ရောက်ခွင့် ၅ နှစ်အထိ ပိတ်ပင်ခံရနိုင်တာပါ။
မန်ချက်စတာမြိုသား ဘင်ဂျမင်ဘေလီဟာ လာမဲ့ မေ ၁ ရက်နေ့ တရားရုံးမှာ အစစ်ဆေးခံရမှာ ဖြစ်သလို အလားတူပြစ်မှုမျိုးနဲ့ စပါးနဲ့ ဖောရက်စ်ပွဲစဉ်မှာလည်း နောက်ထပ် အမျိုးသားတယောက် အဖမ်းခံခဲ့ရပါတယ်။
ဒီဥပဒေကို ၂၀၂၁ ခုနှစ် ယူရိုဗိုလ်လုပွဲတုန်းက ပရိသတ်တွေ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေနောက်ပိုင်း လက်မှတ်မပါဘဲ ခိုးဝင်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ပြဋ္ဌာန်း ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters











