DVB Logo
Home
မြန်မာသတင်း
ပုဂံတွင် သီတင်းကျွတ်အတွက် ဟိုတယ်ဘွတ်ကင်များ ပြည့်နေ 
သီရိ
·
October 21, 2026
Photo: Su Lay
Photo: Su Lay
Donate to DVB

သီတင်းကျွတ်ပိတ်ရက် ပုဂံဒေသမှာ ဟိုတယ်ဘွတ်ကင်တွေ ပြည့်နေပြီး ခရီးသွားလာရောက်မှု များမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတိထား သွားလာကြဖို့ အသိပေးထားပါတယ်။

သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံမှာ ဟိုတယ်ဘွတ်ကင်တွေ ပြည့်နေပြီလို့ ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ပုဂံမှာ ပထမဆုံးအကြိမ်အဖြစ် မီးပုံးပျံလွှတ်ပွဲကျင်းပမှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်လဆန်း ၁၂ ရက်ကစပြီး လပြည့်နေ့အထိ ဟိုတယ်ဘွတ်ကင်တွေ ပြည့်နေပြီး ခရီးသွားပိုများဖို့ ခန့်မှန်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်၊ ၂၆ ရက် လပြည့်နေ့နဲ့ ၂၇ ရက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွေမှာ အလိုတော်ပြည့်ဘုရားတောင်ဘက်၊ စူဌာမဏိဘုရားနဲ့ ညောင်လက်ဖက်ကန် ဘုရားတွေမှာ ည ၇ နာရီကစကာ ၃ ရက် ကျင်းပသွားမယ်လို့ ဆိုပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာလည်း ရွှေစည်းခုံဘုရားမှာ ဆီမီး ၅,၀၀၀၊ ပန်း ၅,၀၀၀၊ အလိုတော်ပြည့်ဘုရားမှာ ဆီမီး ၃,၀၀၀၊ ပန်း ၃,၀၀၀ ပူဇော်ပွဲ အပါအဝင် တန်ခိုးကြီးဘုရား ၁၂ ဆူမှာလည်း ဆီမီးပူဇော်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ခရီးသွားပိုလာဖို့ မျှော်လင့်ထားပြီး ဒေသခံတွေရဲ့ စီးပွားရေးလည်း ပိုပြီးအဆင်ပြေလာနိုင်တယ်လို့ ပုဂံဒေသခံတယောက်က ပြောပါတယ်။

ပုဂံဒေသ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “အခုလို ခရီးသွားရာသီဆိုရင်တော့ ကျနော်တို့ ဒေသခံတွေလည်း စီးပွားရေးအခြေအနေလေးတွေလည်း မဆိုးဘူးပေါ့။ အဲ့လိုမျိုး ခရီးသွားရာသီ မဟုတ်ဘူးဆိုရင် ကျနော်တို့ ဒေသခံတွေလည်း စီးပွားရေးက အရမ်းကြီး အဆင်မပြေဘူးပေါ့။ ပုဂံမြို့ပေါ်ကို ဘုရားဖူးလာတာကတော့ ဘယ်ကာလလာလာ အဆင်ပြေတယ်။ ဒါပေမဲ့ လူပိုပြီးစည်ကားတာက‌တော့ အခါကြီးရက်ကြီးတွေမှာပေါ့။ ဧည့်သည်အများဆုံးအချိန်နဲ့ ပုဂံမှာရှိသမျှ ဟိုတယ်တွေ ဘွတ်ကင်ပြည့်နေတဲ့ အချိန်ပေါ့။ ကျန်တဲ့အချိန်တွေမှာတော့ လာတော့လာကြတယ်၊ အဲဒီအချိန်တွေလောက် မများဘူးပေါ့” လို့ ပြောပါတယ်။

ပုဂံဒေသမှာ ပိတ်ရက်တွေဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်၊ ခရစ္စမတ်ကာလနဲ့ ဒီဇင်ဘာလတွေမှာ ခရီးသွားလာရောက်မှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းပေါ်တက် ငွေတောင်းနေတယ်ဆိုပြီး စစ်အာဏာရှင်အစိုးရတပ်က ဝါဒဖြန့်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ်က ငွေကြေးတတ်နိုင်တဲ့သူတွေကို စစ်အာဏာရှင်အစိုးရတပ်က PDF အယောင်ဆောင်ကာ ခြိမ်းခြောက် ငွေကြေးတောင်းခံနေတယ်လို့ ဆိုပါတယ်။

ညောင်ဦးမြို့ပေါ်နဲ့ ကျောက်ပန်းတောင်းမြို့ပေါ်မှာတော့ စစ်အာဏာရှင်အစိုးရဘက်က ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ သတိထားသင့်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“လမ်းကဂိတ်တွေမှာ ငွေကြေးတောင်းခံနေတဲ့ ဂိတ်ဆိုရင်တော့ PDF ဂိတ် မဟုတ်ပါဘူး၊ စကစနဲ့ တိုက်ရိုက်ပတ်သက်ထားတဲ့သူဆိုရင်တော့ ဘယ်လမ်းပဲသုံးသုံး ကျနော်တို့ ဖမ်းဆီးအရေးယူမှုတွေ လုပ်သွားမှာပါ။ ပြည်သူအနေနဲ့ကတော့ ဘယ်လမ်းဖြစ်ဖြစ် ပုံမှန်အတိုင်း တားဆီးစစ်ဆေးပြီး ပုံမှန်အတိုင်း သွားလာလို့ရပါတယ်။ ပုဂံညောင်ဦး-ကျောက်ပန်းတောင်းဘက်ခြမ်းမှ မဟုတ်ပါဘူး၊ တနိုင်ငံလုံး ဘယ်လမ်းပဲဖြစ်ဖြစ် သွားသတိ လာသတိရှိဖို့ပေါ့နော်။ စစ်ပွဲတွေက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့အနေနဲ့ စစ်ရေးစစ်ရာတွေက တိတိကျကျပြောပြလို့က မရဘူးလေ။ ဖြစ်နိုင်ရင်တော့ ပျော်ပွဲရွှင်ပွဲနဲ့ ခရီးသွားတာတွေက ချင့်ချိန်ပြီး သွားတာ အကောင်းဆုံးပေါ့။”

ဒီနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ပုဂံဒေသကို ခရီးသွား ၁၈၀,၀၀၀ ဝင်ရောက်ခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013