
ဧရာဝတီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်တချို့မှာ နေအိမ် တွေနဲ့ လျှပ်စစ်မီးတိုင်တွေ ကျိုးကျပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရ ပါတယ်။
ဇူလိုင် ၂၈ ရက် ညနေပိုင်းနဲ့ ၂၉ ရက် မနက်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် ဧရာဝတီတိုင်းထဲက မအူပင်၊ ကျောင်းကုန်း၊ ပုသိမ်မြို့နယ်တွေမှာ နေအိမ် တွေပေါ် သစ်ပင်လဲကျမှုကြောင့် နေအိမ် ၈ လုံးထက်မနည်း ပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင် ၁၂ တိုင် ထက်မနည်း လဲကျတာ၊ ကျိုးကျတာ၊ ဆက်သွယ်ရေးဖုန်းတိုင်တွေ ကျိုးကျခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “မိုးသည်းထန်မှုကြောင့် မြေသားတွေ အိကျလာပြီး နေအိမ်ဘေးတွေက သစ်ပင်တွေက အိမ်ပေါ်လဲကျတာ။ ဒါ့ကြောင့် အိမ်တွေ ပျက်စီးတာတွေ ဖြစ်ကုန်တာ။ အမိုးလန်အိမ်တွေ များတယ်” လို့ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာကြောင့် မအူပင်မြို့နယ် မအူပင်-ပံတပွတ် ကားလမ်းဘေးတလျှောက်က လျှပ်စစ်မီးတိုင်တွေ ကျိုးကျတာ၊ နေအိမ်တွေအပေါ် သစ်ပင်လဲ ကျတာ၊ ဆက်သွယ်ရေးဖုန်းတိုင်တွေ ကျိုးကျခဲ့ပြီး ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ကနေ အိမ်ပိုင်ရှင် ဦးဇော်မျိုးထွန်းအိမ် အပါအဝင် ကျောင်းကုန်းမြို့နယ်မှာ အိမ်တွေပေါ် သစ်ပင်လဲကျတာတွေ အဓိက ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လူတွေ ထိခိုက်တာမရှိဘူး။ အိမ်တွေပဲ ပျက်စီးကုန်တာ။ မိုးအရမ်းရွာရင် မြေသားအိပြီး အိမ်ဘေးရှိ သစ်ပင်တွေ လဲကျတတ်တာကြောင့် အပင်ကြီးတွေ အိမ်အနီးမထားဖို့ တာဝန်ရှိသူတွေ သတိပေးသွားပါတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်း၊ ကျောင်းကုန်း မြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီး ကျောင်းကုန်း-ပုသိမ်-ရန်ကုန် ကားလမ်းတွေပေါ် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မအူပင်-ပံတပွတ်-ညောင်တုန်း ကားလမ်းဘေးက လျှပ်စစ်မီးတိုင်တွေ လဲကျတာ၊ ကျိုးကျ တာတွေကြောင့် ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းအထိ မအူပင်နဲ့ ညောင်တုန်းမြို့နယ်တွေမှာ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။










