
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာရှင်တပ်က လူငယ်တွေကို ခေါ်ယူပြီး အခြေခံ လေကြောင်းသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခြေခံလေကြောင်းသင်တန်း အမှတ်စဉ် ၁၀ ဖွင့်ပွဲကို ဧပြီ ၂၇ ရက် မနက်ပိုင်းက လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့ပြီး လူငယ် ၅၅ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီသင်တန်းကို ဧပြီ ၂၇ ရက်ကနေ မေ ၂၉ ရက်အထိ တလကျော်ကြာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လေကြောင်းဆိုင်ရာ အခြေခံပညာရပ်တွေ၊ စည်းကမ်းပိုင်းနဲ့ လေယာဉ်ပညာအခြေခံတွေကို သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ခံတယောက်က “အခုလို သင်တန်းတွေဖွင့်တာက ပညာရေးသက်သက် မဟုတ်ဘဲ လူငယ်တွေကို စစ်ရေးယန္တရားထဲ ဆွဲသွင်းဖို့ ကြိုးစားနေတာလို့ မြင်ရတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ နိုင်ငံတဝန်း လူငယ်သင်တန်းတွေ၊ ပြည်သူ့စစ် သင်တန်းတွေနဲ့ စစ်ရေးဆိုင်ရာ သင်တန်းတွေကို တိုးချဲ့ဖွင့်လှစ်လာနေပြီး ဒေသအသီးသီးမှာ လည်း လူငယ်စုဆောင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ လူနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဧပြီလ တလ အတွင်း ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။










