
ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က ICON ဆုရရှိသူတွေကို ဇွန် ၁၇ ရက်နေ့မှာ ကြေညာခဲ့တာမှာ ဂီတနယ်ပယ်မှာတော့ Kpop အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့က Youtube မှာ ကြည့်ရှုမှု အများဆုံးနဲ့ Subscribed လုပ်သူ အများဆုံး ဂီတအဖွဲ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။
စိန့်ဟယ်လီနာကျွန်းမှာနေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး လိပ်ကြီး ဂျွန်နသန်ဟာ အသက် ၁၉၄ နှစ်နဲ့ စံချိန်တင် အသက်အကြီးဆုံးလိပ်ကြီးအဖြစ် ပါဝင်နေပါတယ်။
နောက်ထပ် ICON ဆုရရှိသူကတော့ နီပေါ-ဗြိတိန် မသန်စွမ်းတောင်တက်သမား မာဂါပဲ ဖြစ်ပါတယ်။ မာဂါဟာ အာဖဂန်နစ္စတန်စစ်ပွဲမှာ ခြေထောက်တွေ ဆုံးရှုံးခဲ့သူဖြစ်ပြီး ဒူးအထက်ကနေ ဖြတ်ထားရတဲ့သူပဲ ဖြစ်ပါတယ်။
မာဂါဟာ ကမ္ဘာပေါ်မှာရှိတဲ့ Seven Summit တောင် ၇ လုံးထိပ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ခြေမသန်စွမ်းသူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
ICON ဆုရတဲ့အထဲမှာ ပြီးခဲ့တဲ့နှစ်က ဧရာမအိုးကြီးနဲ့ ထမင်းချက်ပြခဲ့တဲ့ နိုင်ဂျီးရီးယားစားဖိုမှူး ဘာစီလည်း ပါဝင်ပါတယ်။
အားကစားနယ်ပယ်ထဲမှာတော့ WWE ချန်ပီယံဆုကို ၁၇ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နပန်းသမား ဂျွန်ဆီနာက ရရှိခဲ့ပါတယ်။
တခြား ICON ဆုတွေကတော့ အာတီမစ်တူး ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ခရစ်တီးနားက အာကာသထဲမှာ အချိန်အကြာဆုံးနေခဲ့တဲ့ အမျိုးသမီး အာကာသယာဉ်မှူးစံချိန်နဲ့ ရရှိခဲ့ကာ ဂျပန် ဘေ့စ်ဘောကစားသမား အိုတာနီကလည်း မေဂျာလိဂ်ဘေ့စ်ဘောရဲ့ စံချိန်တင်စာချုပ်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ရရှိခဲ့ပါတယ်။










