
မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းကို ရာသီမစမီ ကမ္ဘာ့စံချိန် ၇ ခု တင်ထားသူအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့ပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ဟာ ၂၀၂၇ ခုနှစ်မှာ ထုတ်မဲ့ ဂင်းနစ် ဘောလုံးအားကစား ကမ္ဘာ့စံချိန် စာအုပ်မှာ ဟာလန်းကို မျက်နှာဖုံးရှင်အဖြစ် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၁၃၂ ပွဲ ကစားထားပြီး ၁၁၂ ဂိုးသွင်းသူ ဖြစ်သလို အမြန်ဆုံး ဂိုး ၁၀၀ ပြည့်တဲ့ စံချိန်လည်း ရထားပါတယ်။ ဟာလန်းဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ၁၁၁ ပွဲမြောက်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
၂၀၂၂-၂၃ ရာသီ မန်စီးတီးအသင်း ဖလား ၃ လုံးရချိန် ချန်ပီယံလိဂ်မှာ တပွဲတည်း ၅ ဂိုးသွင်းထားသူ အဖြစ်လည်း စံချိန်တင်ထားသူ ဖြစ်ပါတယ်။
ဒါ့အပြင် ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ တရာသီအတွင်း ၃၆ ဂိုး သွင်းယူပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် တရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သူပါ။
ဗြိတိန်မှာ မွေးဖွားခဲ့တဲ့ ဟာလန်းဟာ နော်ဝေအသင်းအတွက် ကစားပေးခဲ့တဲ့ UEFA နေးရှင်းလိဂ်ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားပါတယ်။
ဟာလန်းဟာ ၁၀ ကျော်သက် ကစားသမားဘဝကတည်းက ချန်ပီယံလိဂ်မှာ ၅ ပွဲဆက် ဂိုးသွင်းထားမှု၊ ချန်ပီယံလိဂ်မှာ ၁၄ ပွဲ ကစားပြီးချိန် ဂိုး ၂၀ အမြန်ဆုံးပြည့်ခဲ့သူအဖြစ်နဲ့ ၅ နှစ်အရွယ်ကတည်းက အလျားခုန်တဲ့နေရာမှာ ၁ ဒသမ ၆၃ မီတာနဲ့ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ ၂၀၂၆ ကမ္ဘာ့ဖာလားပြိုင်ပွဲမှာ ပရိသတ်အားပေးမှု အခံရဆုံး ကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲအတွင်း ဟာလန်းရဲ့ အပြုအမူတွေ၊ ပွဲအပြီး ဟာသနှောတဲ့ အင်တာဗျူးတွေနဲ့ ကွင်းအတွင်း ခြေစွမ်းပြမှုတွေကြောင့် အင်စတာဂရမ်မှာ follower ၂၄ သန်းအထိ တိုးလာကာ ဆိုရှယ်မီဒီယာမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံးခံရတဲ့ ကစားသမား ဖြစ်လာပါတယ်။
Source: Reuters











