
ဂင်းနစ်က ၂၀၂၇ ခုနှစ် နှစ်ပတ်လည်အတွက် ထုတ်ဝေမဲ့ စံချိန်တွေထဲမှာ အရပ်အရှည်ဆုံးမြင်း၊ ကမ္ဘာ့အကြီးဆုံး Hairdryer၊ မြင်းရုပ်သေးလေးတွေ အများဆုံးစုဆောင်းထားသူ၊ စားပွဲကို ခြေထောက်နဲ့ အကြိမ်ရေအများဆုံး လှည့်နိုင်သူ၊ ကမ္ဘာ့အကျဉ်းဆုံးကား၊ ကမ္ဘာ့အသက်အငယ်ဆုံး ယောဂဆရာမ၊ ရေအောက်မှာ ကိန်းဂဏန်းအရေအတွက် အများဆုံးမှတ်သားနိုင်သူနဲ့ ဖားရုပ်တွေ အများဆုံး စုဆောင်းထားသူတို့ ပါဝင်ပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီအထဲမှာ ၄ နှစ်သားအရွယ် ရှိုင်းယားမြင်းဟာ ၆ ပေ ၆ လက်မရှိပြီး သက်ရှိမြင်းတွေထဲမှာ အရပ်အရှည်ဆုံးမြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ တွေ့ရပါတယ်။
ဗြိတိန် နော်သမ်တမ်ရှိုင်းယားမှာရှိတဲ့ ဟူဂိုလို့ခေါ်တဲ့ မြင်းကို မြင်းခွာမပါဘဲ တိုင်းတာထားတဲ့ အမြင့်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး Hairdryer ကတော့ အင်္ဂလန်နိုင်ငံမြောက်ပိုင်းရှိ ရုဒ်အေမော့လို့ ခေါ်တဲ့ အမျိုးသမီးက လုပ်ငန်းသုံးပန်ကာတွေ၊ အပူပေးစနစ်တွေသုံးပြီး ၁ ဒသမ ၇ မီတာရှည်တဲ့ Hairdryer ကြီးကို ဖန်တီးခဲ့တာပါ။ အဲဒီ Hairdryer ကြီးက တကယ်လည်း ဆံပင်ခြောက်အောင် သုံးနိုင်တယ်လို့ ဆိုပါတယ်။
နောက်တခုကတော့ အီတလီနိုင်ငံသား အန်ဒရာမာရာဇီ ပြုလုပ်ထားတဲ့ အကျယ် ၁၉ လက်မသာ ရှိတဲ့ ကမ္ဘာ့အကျဉ်းဆုံးကားပဲ ဖြစ်ပါတယ်။ မာရာဇီက ဒီကားကို မောင်းပြခဲ့တာလည်း တွေ့ရ ပါတယ်။
ကမ္ဘာ့အသက်အငယ်ဆုံး ယောဂဆရာမကတော့ အမေရိကန်နိုင်ငံသူ ဖိုးနစ်ဟစ်ပဲဖြစ်ပြီး အသက် ၅ နှစ်နဲ့ ၃၃၇ ရက်ပဲ ရှိပါသေးတယ်။
ဂျာမနီနိုင်ငံသား ရှာဖာကတော့ ရေအောက်မှာ ကိန်းဂဏန်းမှတ်သားနိုင်မှုတွေကို အများဆုံး လုပ်ဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ထားတာလည်း တွေ့ရပါတယ်။
အမ်မာဖီလစ် ဆိုတဲ့ နယူးဇီလန် နိုင်ငံသူကတော့ ပက်လက်အနေအထားနဲ့ စားပွဲကို ခြေထောက်နဲ့ စက္ကန့် ၃၀ အတွင်း ၇၇ ကြိမ် လှည့်နိုင်သူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ဗြိတိန်နိုင်ငံသူ အသက် ၄၃ နှစ်အရွယ် ဝါဘီကတော့ မြင်းရုပ်သေးပေါင်း ၄,၅၅၀ စုဆောင်းထားပြီး ဂင်းနစ်စံချိန်ဝင်ထားပါတယ်။
ဝါဘီဟာ အသက် ၃ နှစ်အရွယ်ကတည်းက စုဆောင်းထားတဲ့ မြင်းရုပ်လေးတွေလို့လည်း သိရ ပါတယ်။
အမေရိကန်နိုင်ငံသူ ဆူဆန်ဘာဂို့စ်ကတော့ ဖားပုံအရုပ်တွေ ၁၃,၂၀၁ ရုပ် စုဆောင်းထားတဲ့သူအဖြစ် ဂင်းနစ်မှတ်တမ်းမှာ ပါဝင်နေပါတယ်။
Source: Reuters











