
“Project Hail Mary” ရုပ်ရှင်ကနေ လှုံ့ဆော်မှုရယူထားတဲ့အတိုင်း LEGO တစုံကို ကမ္ဘာ့လေထုရဲ့ စထရာတိုစဖီးယားအလွှာဆီ လွှတ်တင်ပြီး ကမ္ဘာမြေဆီ ဘေးကင်းကင်း ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန်အသစ်တခု တင်ခဲ့တယ်လို့ အဖွဲ့အစည်းက ဧပြီ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက သတင်းထုတ်ပြန် အတည်ပြုချက်အရ LEGO တစုံကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁၄,၇၉၀ အမြင့်ထိ အမြင့်ဆုံး လွှတ်တင်ခြင်းနဲ့ ပြန်လည်ရယူခြင်းအတွက် စံချိန်သစ်တင်ခဲ့တာပါ။
“Project Hail Mary” ဇာတ်ကောင်တွေဖြစ်တဲ့ ရိုင်လန် ဂရေ့စ်နဲ့ ဂြိုဟ်သား ရော့ကီတို့ရဲ့ ပုံသေးတွေ ပါတဲ့ LEGO အစုံကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်နေ့မှာ ဗြိတိန်နိုင်ငံ ဂွီနက်ဒ်မြို့နယ်ကနေ လွှတ်တင်ခဲ့ပြီး Sony Pictures Releasing UK နဲ့ အာကာသကုမ္ပဏီ Sent Into Space တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
အမြင့် မိုးပျံပူဖောင်းစနစ်ကိုသုံးပြီး လွှတ်တင်ခဲ့တဲ့ LEGO အထုပ်ဟာ ကမ္ဘာမြေအထက် ၃၅ ကီလိုမီတာနီးပါးထိ တက်သွားပြီးတဲ့နောက် မြေပြင်ဆီ ပြန်ရောက်ခဲ့လို့ ဘေးကင်းကင်း ပြန်ယူနိုင်ခဲ့ပြီး စံချိန်သစ်တင်ဖို့ လိုအပ်တဲ့ လွှတ်တင်ခြင်းနဲ့ ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ဆိုပါတယ်။
ဧပြီ ၁၃ ရက်က လာ့စ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ တရားဝင် ဂင်းနစ် ကမ္ဘာ့စံချိန် လက်မှတ်ကို ရုပ်ရှင်ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေဆီ ပေးအပ်ခဲ့ပါတယ်။
Source: Reuters










