ဒူဘိုင်း လက်ဝတ်ရတနာပြုလုပ်သူတယောက်ဟာ သားဖြစ်သူ ပြုလုပ်ထားတဲ့ LEGO ကမ္ဘာ့ဖလားပုံတူကို စိန်ပွင့်တွေနဲ့စီပြီး ပုံစံပြောင်းလဲခဲ့ပါတယ်။
ကမ္ဘာ့ဖလားပုံတူမှာ ဒေါ်လာ ၈၁,၀၀၀ တန် စိန်ပွင့် အလုံး ၉၀၀ ပါဝင်ပြီး ဖလားကိုလည်း ၁၈ ကာရက် ရွှေတွေနဲ့ အလှဆင်ခဲ့တာပါ။
ဒူဘိုင်းနိုင်ငံမှာရှိတဲ့ ကာရမ် ချန်ဒါနီလို့ ခေါ်တဲ့ လက်ဝတ်ရတနာ ပြုလုပ်သူတယောက်က ၃၅ ရက် အချိန်ယူပြီး သားဖြစ်သူ ဖန်တီးထားတဲ့ ကမ္ဘာ့ဖလားပုံတူ LEGO ရုပ်တုကို အဖိုးတန်ရတနာတွေနဲ့ ဖန်တီးခဲ့တာပါ။
ကာရမ်ချန်ဒါနီက “ကျနော်တို့ ဒီပုံတူကမ္ဘာ့ဖလားကို ရောင်းချမှာ မဟုတ်ပါဘူး။ ဖလားပုံတူ ပြုလုပ်ခဲ့တာက မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပါတယ်။ လူငယ်တွေ ဒီဖလားပုံကိုကြည့်ပြီး စိတ်အားတက်ကြွမှုတွေ ဖြစ်ပေါ်စေဖို့ပါ။ ဒီပုံတူဖလားကို လှူဒါန်းမှုတွေအတွက် အသုံးပြုဖို့ ဒါမှမဟုတ် ဒူဘိုင်းမှာရှိတဲ့ ပြတိုက်မှာ ထားရှိဖို့ စဉ်းစားသွားမှာပါ” လို့ ပြောပါတယ်။
ကာရမ်ချန်ဒါနီဟာ ကမ္ဘာ့ဖလားပုံစံတူပြုလုပ်ချိန်မှာ FIFA World Cup ဆိုတဲ့ နာမည်နေရာမှာ စိန်တွေစီချယ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ အခုလို ဒီဇိုင်းပြုလုပ်ဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စိန်တုံးအမြောက်အမြား သုံးစွဲခဲ့တာပါ။
လက်ရှိ ကမ္ဘာ့ဖလားကို ၁၉၇၀ ခုနှစ်က ၇ နိုင်ငံရဲ့ ကျွမ်းကျင်ပညာရှင်တွေက နိုင်ငံ ၅၃ နိုင်ငံက တင်သွင်းတဲ့ ဒီဇိုင်းတွေကို အကဲဖြတ်ခဲ့ပြီး အီတလီဒီဇိုင်နာ ဆာဗီယိုဂတ်ဇာနီဂါရဲ့ ဒီဇိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
၁၄ ဒသမ ၂ လက်မ အမြင့်ရှိတဲ့ ကမ္ဘာ့ဖလားဟာ ၁၈ ကာရက်ရွှေ ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး အလေးချိန် ၁၃ ဒသမ ၆ ပေါင် ရှိပါတယ်။
ကမ္ဘာ့ဖလားဒီဇိုင်းအသစ်ကို ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အခုအချိန်အထိ အသုံးပြုနေတာ ဖြစ်ပါတယ်။










