ယူအေအီးနိုင်ငံ ဒူဘိုင်းမှ အစ္စရေးနိုင်ငံ တဲလ်အဗစ်သို့ ဦးတည်ပျံသန်းနေတဲ့ Flydubai ခရီးသည်တင် လေယာဉ်တစီးပေါ်မှာ တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးကာ လေယာဉ်ကို ပျက်ကျစေဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေက ဝိုင်းဝန်းထိန်းသိမ်းနိုင်ခဲ့ကာ အသက်အန္တရာယ်မရှိဘဲ လေယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘိုးရင်း ၇၃၇ ခရီးသည်တင် လေယာဉ်ဟာ ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းစဉ် အခင်းဖြစ်ပွားခဲ့တာကြောင့် အမြင့်ပေ ၁၇,၀၀၀ အထိ ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန် လေယာဉ်တစီးလုံးမှာ ခရီးသည်တွေ ကြောက်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး အမျိုးသား ၃ ယောက်ကနေ ၅ ယောက်လောက်က လေယာဉ်မောင်းခန်းထဲသို့ လုယက်ဝင်ရောက်သွားကာ တိုက်ခိုက်သူကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့တယ်လို့ ခရီးသည်တယောက်က ပြန်ပြောပြပါတယ်။
တခြားခရီးသည်တယောက်ကတော့ ဓားကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူ လက်ထဲကနေ လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီနောက် လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး ဆော်ဒီအာရေဗျနိုင်ငံ တာဘုခ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အခင်းဖြစ်ပြီးနောက် လေယာဉ် ရုတ်တရက် ထိုးဆင်းသွားခဲ့ရလို့ လေယာဉ်ပြန်ပေးဆွဲခံရမှု ဖြစ်နိုင်ခြေအပေါ် စိုးရိမ်ပြီး အစ္စရေးက တိုက်လေယာဉ်တွေကို အရေးပေါ် အသင့်စေလွှတ်ခဲ့ရ ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုကတော့ ဓားနဲ့ထိုးခံခဲ့ရတဲ့ လေယာဉ်မှူး အိန္ဒိယနိုင်ငံသား ကပ္ပတိန် စမစ်မချာကို "သူရဲကောင်း" အဖြစ်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လေယာဉ်မှူးဟာ တိုက်ခိုက်သူကို ပြန်လည်ခုခံခဲ့ပြီး လေထဲမှာဖြစ်မဲ့ ဘေးအန္တရာယ်ဆိုးကြီးကို တားဆီးနိုင်ခဲ့ခြင်းအားဖြင့် ထူးကဲတဲ့ရဲရင့်မှုကို ပြသခဲ့တယ်လို့ ဝန်ကြီးချုပ်က X လူမှုကွန်ရက်ပေါ်မှာ ချီးကျူး ရေးသားပါတယ်။
တိုက်ခိုက်ခံရတဲ့ လေယာဉ်မှူးကို 'သူရဲကောင်း' လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ချီးကျူးလိုက်ပါတယ်။
Flydubai လေယာဉ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာနဲ့ စကားပြောဆိုခဲ့ကြောင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ လေယာဉ်ကို ကယ်တင်နိုင်ဖို့ လေယာဉ်ပေါ်ပါရှိသူတွေရဲ့ ကြိုးပမ်းအားထုတ်ကို ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့ကြောင်း ထရမ့်ပ်က ပြောပါတယ်။
"ဒါဟာတကယ်ကို မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါပဲ"လို့ ထရမ့်ပ်က ပြောကြားလိုက်ပြီး ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ တွဲဖက်လေယာဉ်မှူးဟာ အကြမ်းဖက်သမား ဒါမှမဟုတ် စိတ်ရူးပေါက်နေသူဖြစ်မယ်လို့လည်းပြောပါတယ်။
ဓားနဲ့ထိုး တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးထားပြီး ဆော်ဒီအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။
အခုအခါမှာ ခရီးသည်တွေဟာ အစ္စရေးနိုင်ငံ၊ လော့ဒ်မြို့ရှိ ဘင်ဂူရီယွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။
လေယာဉ်ပေါ်မှ ဆင်းသက်လာတဲ့ ခရီးသည်တွေကို စောင့်နေတဲ့လူအုပ်ကြီးက သီချင်းဆို၊ ကခုန်၊ တေးဂီတတီးမှုတ်ပြီး အစ္စရေးအလံတွေကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
Source: AP/BBC










