DVB Logo
Home
နိုင်ငံတကာ
ဒူဘိုင်းရှိ ယူကရိန်းလေကြောင်းကာကွယ်ရေး ဂိုဒေါင်ကို အီရန် ဖျက်ဆီး၊ ယူကရိန်းက UAE၊ ကာတာတို့နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူ
DVB
·
March 29, 2026
Photo: X\@ZelenskyyUa
Photo: X\@ZelenskyyUa
Donate to DVB

အီရန်က နောက်ဆုံးတိုက်ခိုက်မှုအတွင်း ဒူဘိုင်းမှာရှိတဲ့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ဂိုဒေါင်ကို ဖျက်ဆီးခဲ့တယ်လို့ မတ် ၂၈ ရက်က ပြောလိုက်ပေမဲ့ ယူကရိန်းဘက်ကတော့ ဒါကို ငြင်းဆိုပါတယ်။

ယူကရိန်းပိုင် ဒရုန်းတိုက်ဖျက်ရေးစနစ်တွေကို သိုလှောင်ထားတဲ့ ဂိုဒေါင်တခုကိုလည်း IRGC အာကာသတပ်ဖွဲ့နဲ့ ရေတပ်တို့ရဲ့ ပူးတွဲစစ်ဆင်ရေးတခုမှာ ပစ်မှတ်ထား ဖျက်ဆီးခဲ့တယ်လို့ ခါတမ် အယ်လ်အန်ဘီယာ ဗဟိုဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်မ် ဇိုလ်ဖာကာရီက ပြောပါတယ်။

ယူကရိန်းလူမျိုး ၂၁ ယောက် အဲဒီနေရာမှာ ရှိနေတာကို သတင်းပို့ထားပါတယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ဂိုဒေါင်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ အစောပိုင်း ထုတ်ပြန်ချက်ကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဟီအိုရီတိုက်ခီက “ဒါက လိမ်ညာမှုပါ။ ဒီအချက်အလက်ကို ကျနော်တို့ တရားဝင်ငြင်းဆိုပါတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်အစိုးရက မမှန်တဲ့ လှုပ်ရှားမှုတွေကို ခဏခဏ လုပ်လေ့ရှိတယ်လို့လည်း သူက ဝေဖန်ပါတယ်။

ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာနေချိန် ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီးက မတ် ၂၈ ရက်မှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့ ကာတာ ၂ နိုင်ငံစလုံးဆီ သွားရောက်လည်ပတ်ရင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။

ကာတာနဲ့ ယူကရိန်းအစိုးရတို့ဟာ ဒုံးကျည်တွေနဲ့ မောင်းသူမဲ့ လေယာဉ် စနစ်တွေကို တန်ပြန်ရာမှာ ကျွမ်းကျင်မှု ဖလှယ်ခြင်းအပါအဝင် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့  ကာတာကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။

ဆော်ဒီနဲ့ရော ကာတာနဲ့ပါ ၁၀ နှစ်တာ မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးပါပြီလို့ ဇလန်းစကီးက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“ကျနော်တို့ UAE နဲ့ ၁၀ နှစ်တာ သဘောတူညီချက်ကိုလည်း လက်မှတ်ထိုးမှာပါ၊ နောက်ရက်နည်းနည်းအတွင်း ဖြစ်လာမှာပါ။”

ဇလန်းစကီးဟာ UAE နိုင်ငံဆီ အစောပိုင်းက သွားရောက်ခဲ့ပြီး သမ္မတ ရှိတ်ခ်မိုဟမ်မဒ် ဘင်ဇာယဒ် အယ်လ်နာယံနဲ့ တွေ့ဆုံခဲ့ကာ ၂ နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွေမှာ လက်နက်ပူးတွဲထုတ်လုပ်ရေး၊ အတွေ့အကြုံတွေဖလှယ်ရေးနဲ့ ယူကရိန်းဆီ စွမ်းအင်နဲ့ လောင်စာဆီထောက်ပံ့မှုတွေ သေချာစေရေး အာရုံစိုက်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဟာ တလကို ဒီဇယ်လီတာ ၇ သိန်းလောက် လိုတယ်လို့ ဇလန်းစကီးက ပြောရင်း တပ်မတော်ကို အပြည့်အဝ ထောက်ပံ့ပေးထားပြီးပြီလို့ ထပ်ပြောခဲ့ပါတယ်။

အီရန်စစ်ပွဲဖြစ်နေချိန် ယူကရိန်းက သူ့ရဲ့လေကြောင်းကာကွယ်ရေးကျွမ်းကျင်မှုနဲ့ ဒရုန်းနည်းပညာကို ဒေသတွင်းနိုင်ငံတွေဆီပေးခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေက မရေရာမှုအသစ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ယူကရိန်းအစိုးရက ဘတ်ဂျက်လိုငွေကို ကာမိစေဖို့နဲ့ ပြည်တွင်းလက်နက် ထုတ်လုပ်မှုအတွက် ရန်ပုံငွေရှာနေချိန်မှာ ရုရှားနဲ့ စစ်ပွဲအတွင်း ပင်လယ်ကွေ့နိုင်ငံတွေဆီက ထောက်ခံမှုရဖို့ ဇလန်းစကီးက မျှော်လင့်နေပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတလျှောက် စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို ဘယ်လို ကြားဖြတ်ပစ်ချမလဲဆိုတာကို အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အကြံပေးဖို့ ယူကရိန်းက စစ်ဘက်နဲ့ လုံခြုံရေးကျွမ်းကျင်သူ ၂၀၀ ကျော်ကို စေလွှတ်ခဲ့ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013