
ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ဘေးရှောင် ၄ ယောက်ကို မေ ၈ ရက် မနေ့ ညနေပိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကကလေကြောင်းကနေ ဗုံးကြဲချနေတာကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ ထွက်ပြေးလာတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့ ချောင်းဝတံတားအနီးမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူက “ချောင်းဝတံတားအနားမှာ အဖမ်းခံရတာ။ ဂွဘက်ကလာတဲ့ စစ်ရှောင်တွေလို့ သိရတယ်။ စစ်ကောင်စီတပ်နဲ့ရဲတွေက ဒီဘက်ကိုအဝင်ကိုမခံဘဲ ဖမ်းလိုက်တာ လို့ သိရတယ်” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါပြီး အမျိုးသား ၃ ယောက်ကိုတော့ စစ်ဆေးဖို့ဆိုပြီး စစ်တပ်က သီးခြားနေရာကို ခေါ်ထားတယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့နီးစပ်သူတယောက်က “AA တပ်ဖွဲ့ဝင်တွေဆိုပြီး တပ်ကဖမ်းခဲ့တာ။ အမျိုးသားတွေကို ခွဲဖမ်းချုပ်ထားတယ်။ အုပ်ချုပ်ရေးမှူးတွေက သတင်းပေးတာကြောင့် ဖမ်းထားတာ” လို့ ပြောပါတယ်။
စစ်ရှောင် ၄ ယောက်ကို ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အခြေစိုက် ပမ္မဝတီရေတပ်က တပ်သားတွေနဲ့ ရဲတချို့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ငရုတ်ကောင်း ဒေသမှာ စစ်တပ်က တပ်အင်အား ဖြည့်တင်းထား သလို ရေတပ်နဲ့ ခြေလျင်တပ်ပေါင်းပြီး ကင်းလှည့်စစ်ဆေးတာတွေလည်း တိုးမြှင့်လုပ်ဆောင် နေတယ်လို ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင်မှာ ရေလုပ်သား ၃ ယောက်ကို အာရက္ခတပ်တော် အေအေနဲ့ ဆက်သွယ်မှု ရှိတယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။











