
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက် ညနေ ၆ နာရီလောက်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ ဂွချောင်းတံတားအနီးမှာ အမျိုးသမီး ၂ ယောက် နဲ့ အမျိုးသား ၅ ယောက် စုစုပေါင်း ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင် တပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့နီးစပ်သူတယောက်က “ရိုဟင်ဂျာတွေက စက်လှေနဲ့လာတာ။ ကင်းလှည့် စစ်တပ်နဲ့တွေ့လို့ အဖမ်းခံရတာလို့ သိရပါတယ်။ ရေတပ်က ဖမ်းခေါ်သွားတာ။ ဘယ်မှာဖမ်းထားလဲ မသိရသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၇ ယောက်ထဲမှာ အသက် ၆၀ ကျော်အရွယ် ၂ ယောက်နဲ့ ကျန်သူတွေက အသက် ၃၀ နဲ့အောက် အရွယ်တွေဖြစ်ပြီး ရိုဟင်ဂျာတွေကို လာပို့တဲ့ စက်လှေပေါ်ပါတဲ့ အမျိုးသား တယောက်ကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၇ ယောက်ဟာ ရန်ကုန်တိုင်းဘက်သွားဖို့ ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ်ဘက်ကနေ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။











