
နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့ ကျွန်းဦးအုပ်စု မအူပင်ကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် ည ၇ နာရီက အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက် ဆွဲကြိုးချ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီက နေအိမ်အပေါ်ထပ် ဘုရားစင်ရှေ့မှာ ပက်လက်အနေအထားနဲ့ လဲကျနေတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူက တွေ့ရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“သူ့သားလေးက သူ့အမေ လဲကျနေတာတွေ့လို့ အဒေါ်ဖြစ်သူကို သွားပြောပြတာ။ သူ့အဒေါ်ကတဆင့် အဒေါ်ဖြစ်သူက ဘေးပတ်ဝန်းကျင်ကိုခေါ်ပြီး အိမ်ကိုသွားတဲ့အချိန် ကြိုးဆွဲချပြီး သေနေတာ တွေ့တာ။”
သေဆုံးသူမှာ မအူပင်ကျေးရွာနေ မမိုးသူဇာ ဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရလို့ ဆွဲကြိုးချ သေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာ မမိုးသူဇာ သေဆုံးမှုဟာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် ပျဥ်းမနားမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
သြဂုတ် ၇ ရက်ကလည်း ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် နယ်မြေ ၁၀ ကွက်သစ်မှာ နေထိုင်တဲ့ ၉ တန်းကျောင်းသူတယောက် နေအိမ်မှာ ဆွဲကြိုးချ သေဆုံးခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ်ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ ဥတ္တသီရိမြို့နယ်တို့မှာ ဆွဲကြိုးချ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။











