
နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ အရပ်သား ၇ ယောက်ကို စက်သုံးဆီ တရားမဝင် ရောင်းချတယ်လို့ စွပ်စွဲပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
စက်တင်ဘာ ၁၂ ရက်နဲ့ ၁၅ ရက်တွေမှာ အရပ်သား အမျိုးသား ၇ ယောက်ကို ပျဉ်းမနား မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဝန်ထမ်းဆိုသူတွေက ပူးပေါင်းပြီး လိုက်လံဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “စက်သုံးဆီတွေကို တရားမဝင် လက်ဝယ်ထားရှိ ရောင်းချတယ်ဆိုတဲ့ သတင်းပေးသူကြောင့် စစ်ဆေးဖမ်းဆီးတာလို့ သိရပါတယ်။ အဲဒီထဲမှာ ၂ ယောက်က မနေ့ စက်တင်ဘာ ၁၅ ရက်မှာ အဖမ်းခံရတာပါ။ ကျန်တဲ့ ၅ ယောက်ကတော့ စက်တင်ဘာ ၁၂ ရက်မှာ အဖမ်းခံရတာပါ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပျဉ်းမနားဈေးက ကိုသက်ကို၊ ကိုမောင်အေး၊ ရွှေချီရပ်ကွက်က အောင်သူ၊ ရွာကောက်ရပ်ကွက်က ကိုသန့်ဇင်၊ အောင်ကျော်သူဆွေ၊ ကိုညီညီဝင်းနဲ့ ကြည်စိုးအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အောင်သူ၊ သန့်ဇင်၊ အောင်ကျော်သူဆွေ၊ ညီညီဝင်းနဲ့ ကြည်စိုးအောင်တို့ ၅ ယောက်အပြင် ကိုသက်ကို နဲ့ ကိုမောင်အေး တို့ ၂ ယောက်ကိုပါ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အသီးသီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။











