
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူမှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေအရ သက်သေခံဆိုင်ကယ် ၁၉ စီးအထိ သိမ်းဆည်းရမိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းကနေ သိရပါတယ်။
စက်တင်ဘာ ၁ ရက်က ပျဉ်းမနားမြို့မရဲစခန်းက စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ကံဦးကျေးရွာနဲ့ ဆင်သေကျေးရွာက ရာအိမ်မှူးတွေနဲ့အတူ ဆိုင်ကယ်ခိုးမှုနဲ့ အမှုဖွင့်စစ်ဆေးနေတဲ့ လမင်းဇော်နဲ့ ဇင်ရဲထွန်း (ခ) ရဲထွန်းတို့ ၂ ယောက်ကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်တွေအရ အဲဒီ ၂ ယောက်ဟာ ပျဉ်းမနားမြို့မရဲစခန်းနဲ့ ရွာကောက်နယ်မြေ ရဲစခန်းတို့ရဲ့ နယ်မြေအတွင်းက ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ ထွက်ဆိုချက်တွေအရ စက်တင်ဘာ ၁ ရက်ကနေ ၇ ရက် အတွင်း သက်သေတွေနဲ့အတူ ရှာဖွေခဲ့ရာ သက်သေခံဆိုင်ကယ် စုစုပေါင်း ၁၉ စီးကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ကျူးလွန်တဲ့ကောင်လေး ၂ ယောက်က ဆယ်ကျော်သက် အရွယ် တွေ။ ရဲတွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးတော့ ပေါ်ပေါက်တာ” လို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေထဲက ၈ စီးနဲ့ ပတ်သက်ပြီး ပျဉ်းမနားမြို့မရဲစခန်းမှာ ခိုးမှု ၈ မှု ဖွင့်လှစ်ထားပြီးဖြစ်သလို ရွာကောက်နယ်မြေရဲစခန်းမှာလည်း သက်ဆိုင်ရာအမှုတွေနဲ့ ဆက်စပ်တဲ့ သက်သေခံဆိုင်ကယ် ၅ စီးကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ သက်သေခံဆိုင်ကယ် ၆ စီးနဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာဌာနတွေမှာ ထပ်မံ အမှုဖွင့်နိုင်ရေး ရဲတွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
နေပြည်တော်က အစိုးရဝန်ထမ်းတစ်ယောက်က “နေပြည်တော်မှာက ရုံးဝင်းထဲက ဆိုင်ကယ်တွေပါ အခိုးခံနေရတာ။ ဥပဒေစိုးမိုးမှု ယုတ်လျော့လာတယ်။ ဆင်းရဲနွမ်းပါးမှုတွေ တိုးလာတဲ့ လက္ခဏာ ပြနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဆိုင်ကယ်ခိုးယူမှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ လမင်းဇော်နဲ့ ဇင်ရဲထွန်း (ခ) ရဲထွန်းတို့ ၂ ယောက်ဆီက သက်သေခံဆိုင်ကယ် ၁၉ စီးကို ရဲတွေက သိမ်းဆည်းထားပြီး ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။











