DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်သံရုံး တိုးချဲ့ရန် ထိုင်းအစိုးရက မြေကွက်ထပ်မံဝယ်ယူခွင့်ပြု 
DVB
·
June 19, 2026
Photo: Matichon News 
Photo: Matichon News 
Donate to DVB

ထိုင်းနိုင်ငံရှိ၊ ဘန်ကောက်မြန်မာသံရုံးနဲ့ ချင်းမိုင်ကောင်စစ်ဝန်ရုံးနေရာ အဆောက်အအုံတွေ တိုးချဲ့ ဆောက်လုပ်နိုင်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာကို မြေကွက်ထပ်မံတိုးချဲ့ ဝယ်ယူ ခွင့်ပြုလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုထားတဲ့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့အကြား  သံရုံးဆိုင်ရာ မြေနဲ့အဆောက်အအုံတွေ ပိုင်ဆိုင်ခွင့်  "အပြန်အလှန် အိတ်ဖွင့်ပေးစာ" မူကြမ်းကို ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးမှာ အတည်ပြုသဘောတူညီခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ဒု- ပြောရေးဆိုခွင့်ရှိသူ နန်းဆောဝ်လာလိဒါ ဖရေ့ဝိဝပ်ထနားက ဇွန် ၁၈ ရက်မှာ  ထုတ်ပြန် ပြောပါတယ်။

မြန်မာစစ်အာဏာရှင်အစိုးရဟာ ထိုင်းနိုင်ငံရှိ သံတမန်လုပ်ငန်းတွေအတွက်  မြေဧရိယာ အကျယ်အဝန်း ၃,၃၀၆.၈ စတုရန်းမီတာ (၀ ဒသမ ၈၂ ဧကခန့်) ထပ်မံဝယ်ယူဖို့ တင်ပြခဲ့တယ်။ အဲဒီ မြေကွက်တွေမှာ ချင်းမိုင်အခြေစိုက်  မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်နဲ့ ဝန်ထမ်းတွေ နေအိမ်အဖြစ် အသုံးပြုဖို့ ၊ ဘန်ကောက် အလုပ်သမား သံအရာရှိရုံးနဲ့ ဝန်ထမ်းတွေရဲ့ နေအိမ်အဖြစ် အသုံးပြုဖို့ ပါရှိတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်း မြန်မာအစိုးရဟာ ဘန်ကောက်မြို့မှာ  သံရုံးနဲ့  သံတမန်ရေးရာ ကိစ္စရပ်တွေ အသုံးပြုဖို့  ၄ ဒသမ ၁ ဧကလောက် ကျယ်ဝန်းတဲ့ မြေနဲ့ အဆောက်အုံတွေကို  ပိုင်ဆိုင်ထားပြီး ဖြစ်တယ်။

အလားတူ  ထိုင်းအစိုးရဟာလည်း ရန်ကုန်မြို့မှာ ထိုင်းနိုင်ငံသံရုံးနဲ့ သံအမတ်ကြီး နေအိမ်အဖြစ် အသုံးပြုဖို့ ၃ ဒသမ ၆ ဧကလောက်ကျယ်ဝန်းတဲ့ မြေနဲ့ အဆောက်အအုံတွေ ပိုင်ဆိုင်ထားတယ်။ ဒီအပြန်အလှန်ပိုင်ဆိုင်ခွင့်တွေဟာ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံး ဒု- ပြော ရေးဆိုခွင့်ရှိသူက "အခုလို အတည်ပြုပေးလိုက်တာဟာ ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေး တိုးတက် ကောင်းမွန်မှုကို ထပ်မံအတည်ပြုလိုက်တာ ဖြစ်တယ်။ ဒါ့အပြင် သံတမန်ရေးရာနဲ့ ကောင်စစ်ဝန် လုပ်ငန်းတာဝန်တွေကို ပိုမိုအဆင်ပြေချောမွေ့စေမှာ ဖြစ်သလို၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ဖြတ်ကျော်ပြဿနာတွေကို အတူတကွ ဖြေရှင်းရာမှာ ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစား လိုက်နာတဲ့ နိုင်ငံတနိုင်ငံအဖြစ် ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထင်ဟပ်စေတယ်" လို့ ပြောသွားပါတယ်။ 

Source:  Amarin TV News / Matichon News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013