DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်အား ထောက်ပံ့ပေးနေမှုရပ်တန့်ရန် ထိုင်းအစိုးရကို  ဆန္ဒပြတောင်းဆို 
DVB
·
September 3, 2026
Photo: Myo Min Swe
Photo: Myo Min Swe
Donate to DVB

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ကို ထိတွေ့ဆက်ဆံ ထောက်ပံ့ပေးနေတာတွေကို ရပ်တန့်ဖို့ ကမ္ဘာတဝန်းရှိ မြန်မာအသိုက်အဝန်းက စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာ နိုင်ငံတွေရှိ ထိုင်းသံရုံးတွေမှာ သွားရောက် ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်ကို တရားဝင်မှု ဖြစ်စေမဲ့ လုပ်ရပ်တွေ အားလုံးကို ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြည်နှင်ဒဏ်ပေးမှုကနေ ကာကွယ်ပေးဖို့ ထိုင်းအစိုးရအား တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ထိုင်းဝန်ကြီးချုပ်ထံ လိပ်မူပြီး ပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာနိုင်ငံသား ၂၀ ကျော်နဲ့ ဝန်းရံသူတွေက ထိုင်းအစိုးရကို နေပြည်တော်ရှိ စစ်အာဏာရှင်နဲ့ ဆက်ဆံဆောင်ရွက်နေတာ ရပ်တန့်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမျိုးမင်းစောက  "စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို တရားဝင်မှု မပေးဖို့ ထိုင်းနိုင်ငံကို တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ကျနော်တို့ စတင်လိုက်တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

တရက်တည်းမှာပဲ ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနဲ့ ပြင်သစ်နိုင်ငံတို့ရှိ ထိုင်းသံရုံးတွေရှေ့မှာလည်း အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး နိုင်ငံအသီးသီးမှ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေက ပူးပေါင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ပေးစာမှာတော့ မင်းအောင်လှိုင်နဲ့ အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်အစိုးရကို နိုင်ငံရေးအရ တရားဝင်မှုပေးရာ ရောက်ရှိစေမဲ့ အန္တရာယ်ရှိကြောင်း ထောက်ပြထားပါတယ်။

"ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံနဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" လို့ ကိုမျိုးမင်းစောက ထပ်လောင်း ပြောပါတယ်။

မြန်မာအသိုက်အဝန်းရဲ့ ပေးစာမှာတော့ ထိုင်းနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသကဲ့သို့ မတရား အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် ပြစ်မှုများ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့ လတ်တလော ထိတွေ့ဆက်ဆံမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အသစ်ကြောင့် ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်တွေကို ထောက်ပြထားပြီး မြန်မာနိုင်ငံသားတွေ ပြန်ပို့ခံရပါက ဖိနှိပ်ချုပ်ချယ်ခံရတာ၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ အဆင့်မြင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက် ထောက်ခံပေးဖို့လည်း ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

ဒီဆန္ဒပြတောင်းဆိုမှုတွေဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့  ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ဘန်ကောက်မြို့ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပေါ်ပေါက် လာတာပါ။

ထိုင်းဘက်ကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးပမ်းမှု အစိတ်အပိုင်းတခုလို့ တုံ့ပြန်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013