DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရ၏ ၇၂ နာရီစာ အရေးပေါ်အိတ် ပြင်ဆင်ရန် အသိပေးချက် မြန်မာများပါ လိုက်နာရန် လိုအပ်
ဝေဝေ
·
November 4, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

သဘာဝဘေးအန္တရာယ်နဲ့ တခြားအရေးပေါ်အခြေအနေတွေ ဖြစ်ပွားလာမယ်ဆိုရင် အစိုးရရဲ့ ကူညီကယ်ဆယ်ရေးတွေ မရောက်ရှိမီ ပထမ ၇၂ နာရီအတွက် အိမ်ထောင်စုတိုင်း အရေးပေါ်အိတ် ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားတာကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေလည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်နေပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျှော့ချရေးဌာန (DDPM) က နိုဝင်ဘာ ၂ ရက်မှာ သဘာဝဘေးအန္တရာယ်နဲ့ တခြား အရေးပေါ်အခြေအနေတွေ ဖြစ်ပွားလာမယ်ဆိုရင် အစိုးရရဲ့ ကူညီကယ်ဆယ်ရေးတွေ မရောက်ရှိမီ ပထမ ၇၂ နာရီအတွက် အိမ်ထောင်စုတိုင်း အရေးပေါ်အိတ် ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တာပါ။

ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျောင်းသားတွေနဲ့ မိသားစုတွေ အနေနဲ့လည်း အခုလို အရေးပေါ်ပြင်ဆင်မှုတွေကို သိရှိထားဖို့နဲ့ မိမိတို့ရဲ့ နေထိုင်မှု အခြေအနေအလိုက် အရေးပေါ်အိတ်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

မြန်မာကျောင်းသားတယောက်က “လူတော်တော်များများ စိုးရိမ်နေကြတဲ့ လက်ရှိ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ တတိယကမ္ဘာစစ် ဖြစ်နိုင်မလား၊ နျူကလီးယားစစ်ပွဲကြီး ဘာကြီးဖြစ်နိုင်မလဲပေါ့နော်။ အဲဒီလိုမျိုး တွေးကြောက်ပြီးတော့ တချို့ ပိုက်ဆံအဆင်ပြေတဲ့ သူတွေကတော့ ၇၂ နာရီစာတွေ ဘာတွေ ဝယ်တာမျိုးတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော့်အနေနဲ့ ဒါကို ဘယ်လိုမြင်လဲဆိုတော့ ဒါက သူတို့က စစ်ပွဲကြောင့် မဟုတ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ လက်ရှိ အယ်လ်နီညိုတို့၊ နောက်ပြီးတော့ သဘာဝဘေးအန္တရာယ် မျိုးစုံပေါ့နော်။ နောက်ပြီးတော့ banking system တွေ၊ နောက်ပြီးတော့ အရေးကြီးတဲ့ info structure တွေ ပျက်သွားရင် ၇၂ နာရီအတွင်း ကိုယ်ပြင်ဆင်ထားတဲ့အတွက် သုံးရက်လောက် ခံနိုင်ထားဖို့အတွက် အရေးပေါ် အခြေအနေမျိုး ဆောင်ခိုင်းထားတယ်လို့ပဲ မြင်တယ်ပေါ့နော်” လို့‌ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လည်း ၇၂ နာရီ (၃ ရက်) စာ လုံလောက်မဲ့ အရေးပေါ် အသုံးအဆောင်အိတ်ကို ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို နားစွင့် သတိထားဖို့ကိုလည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC ကိုရဲမင်းကလည်း သတိပေးပါတယ်။

“ဒါကို ထိုင်းရောက် မြန်မာလုပ်သားတွေကတော့ သိပ်သတိမထားမိကြဘူး။ တဖက်မှာလည်း တခြားသော ပန်းရောင်ကတ်နဲ့ ကိစ္စတွေ၊ CI စာအုပ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အခွန်အခတွေ စစ်အုပ်စုဘက်ကနေ အတင်းအဓမ္မ ကောက်လာတဲ့ကိစ္စတွေနဲ့ အားလုံး မွန်းကျပ်ပြီးတော့ အဲဒီထဲမှာပဲ လုံးထွေးနေတော့လေ။ အဲဒါကို သတိမထားမိကြဘူး။ သူ့နိုင်ငံ၊ သူ့လူမျိုးတွေကို သတိပေးတာဆိုရင်ပဲ ကျနော်တို့ ထိုင်းနိုင်ငံမှာလည်း မြန်မာပြည်သား သန်းနဲ့ချီရှိတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာပြည်သားတွေလည်း သူ့နိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေကို ဘာဖြစ်လဲ ဆိုတာမျိုးကိုတော့ နည်းနည်းသတိထား၊ သတိထားနိုင်ကြဖို့တော့ လိုတယ်ပေါ့နော်။ ဘာပဲပြောပြော ကိုယ် မှီတင်းနေထိုင်နေတဲ့၊ ကိုယ် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံအစိုးရ တရားဝင်ထုတ်ပြန်တဲ့ သတင်းဆိုတော့ နည်းနည်းတော့ သတိပြုမိကြဖို့၊ သတိထားနေထိုင်ကြဖို့ ဒါလေးကို သတိပေး ပြောချင်တယ်။”

အရေးပေါ်အိတ်ထဲမှာ မဖြစ်မနေ ထည့်ထားသင့်တဲ့ ပစ္စည်း ၆ မျိုးကတော့ …

၁။ ဆေးဝါးနဲ့ ကျန်းမာရေးပစ္စည်းများ

ရှေးဦးသူနာပြုစုရေးပစ္စည်း၊ အခြေခံဆေးဝါးများ၊ ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးမှတ်တမ်းများ။

၂။ အစားအစာနဲ့ သောက်ရေ

လူတယောက်အတွက် တနေ့ အနည်းဆုံး ရေ ၃ လီတာနှုန်းနဲ့ ၃ ရက်စာ သောက်ရေ၊ အသင့်စား အစားအစာနဲ့ အားဖြည့်အစာများ။

၃။ ဆက်သွယ်ရေးပစ္စည်းနဲ့ အသုံးအဆောင်များ

မိုဘိုင်းဖုန်း၊ Power Bank၊ ဓာတ်မီး၊ အပိုဘက်ထရီ၊ အင်တာနက်ပြတ်တောက်ချိန် သတင်းနားထောင်နိုင်ဖို့ ရေဒီယို၊ ဝီစီ၊ မီးခြစ်နဲ့ တခြားအသုံးအဆောင်များ။

၄။ အရေးကြီးစာရွက်စာတမ်းနဲ့ ငွေသား

နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်နဲ့ တခြား အရေးကြီး စာရွက်စာတမ်းတွေကို ရေစိုခံအိတ်ထဲမှာ မိတ္တူနဲ့အတူ သိမ်းဆည်းထားရန်။ အရေးပေါ်ငွေသားနဲ့ အပိုသော့များလည်း ပြင်ဆင်ထားရန်။

၅။ တကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ

တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများနဲ့ အမှိုက်အိတ်။

၆။ အဝတ်အစားနဲ့ အိပ်ရာအသုံးအဆောင်များ

အပိုအဝတ်အစား၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်နဲ့ အိတ်အပိုတို့ကို အရေးပေါ်ကာလအတွက် လုံလောက်အောင် ပြင်ဆင်ထားရန်၊ စတာတွေ လိုအပ်ပါတယ်။

၇၂ နာရီစာ အရေးပေါ် အသက်ရှင်ရေးအိတ် ပြင်ဆင်ထားဖို့ တိုက်တွန်းတဲ့ နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေဟာ သဘာဝဘေးအန္တရာယ်တွေအတွက်သာမက လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ စစ်မက်အန္တရာယ်၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်နိုင်ခြေ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ ကူးစက်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားထားတာ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နဲ့ မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူ ဆရာဦးဝင်းနိုင်က ထောက်ပြထားပါတယ်။

အရေးပေါ် အခြေအနေတခုခု ဖြစ်ပွားလာတဲ့အခါ အစိုးရနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီ မရောက်ခင် ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ဖို့နဲ့ မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတာဟာ အရေးကြီးကြောင်းကိုလည်း ထပ်မံ အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျှော့ချရေးဌာန DDPM က အရေးပေါ်အိတ်ကို ပေါ့ပါးပြီး ရေစိုခံတဲ့ အမျိုးအစား ရွေးချယ်ဖို့၊ အလွယ်တကူ ယူဆောင်နိုင်တဲ့နေရာမှာ ထားဖို့နဲ့ ပါဝင်ပစ္စည်းတွေ သက်တမ်းကုန်ဆုံးမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးဖို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013