DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရရဲ့ ပြည်နှင်ဒဏ် နည်းဥပဒေသစ်က မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မလဲ
DVB
·
August 29, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်က အတည်ပြုလိုက်တဲ့ နည်းဥပဒေသစ်ကြောင့် ဖမ်းဆီးခံရတဲ့မြန်မာတွေ နေရပ်ပြန်ပို့ခံရရင် အဓမ္မ စစ်သားစုဆောင်း ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးနိုင်ဖို့ သတ်မှတ်ထားတဲ့ နည်းဥပဒေသစ်ကို ထိုင်းဝန်ကြီးချုပ် အနုထင်းက ဩဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ် ၂၇ ရက် ထိုင်းအစိုးရပြန်တမ်းမှာ တရားဝင်ထုတ်ပြန်ခဲ့ကာ ဩဂုတ် ၂၈ ရက်ကစပြီး အသက်ဝင်လာပါတယ်။ 

နည်းဥပဒေသစ်အရ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ မညီဘဲ တရားမဝင် ဝင်ရောက်နေထိုင်တာ၊ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ဥပဒေနဲ့မညီဘဲ အလုပ်လုပ်တာ၊ စီးပွားရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာတွေမှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရရင် ပြည်နှင်ဒဏ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အစိုးရစာရွက်စာတမ်း အတုလုပ်တာ၊ အသုံးပြုတာနဲ့ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒီထက် ပိုနိုင်တဲ့ ပြစ်မှုတွေမှာလည်း ပြည်နှင်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဒီလို စည်းမျဉ်းတွေ တင်းကျပ်လိုက်တာကြောင့်  မြန်မာ့နိုင်ငံရေးကြောင့်  ထိုင်းမှာ တိမ်းရှောင် နေရတဲ့ မြန်မာလုပ်သားတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

ထိုင်းရောက် CDM အလုပ်သမားတယောက်က “ကိုယ်က ပြန်ပို့ခံရတယ်ဆိုရင် ပေါ်တာဆွဲ ခံရတာပဲဖြစ်ဖြစ် လေဆိပ်မှာ တခါတည်း စစ်မှုထမ်းဖို့ ခေါ်သွားတာပဲဖြစ်ဖြစ် အဲ့လိုမျိုး ပြဿနာတွေ ရင်ဆိုင်ရမယ်ထင်တယ်။ ဒါပေမဲ့ ထိုင်းမှာ အရင်ထက်ပိုပြီး ဂရုစိုက်ပြီးတော့ နေရမယ်ဆိုတဲ့ အသိဝင်လာတယ်။ ဘာလို့လဲဆိုတော့ သူတို့က တရားမဝင် နေထိုင်တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်တဲ့သူ မှန်သမျှကို ပြန်ပို့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အတည်ပြု သတ်မှတ်တဲ့ သဘောပေါ့။ အဲ့ကျတော့ ကျနော်တို့ကလည်း ဒီဘက်မှာ တိမ်းရှောင်ပြီး နေရတာ ဖြစ်တဲ့အတွက် ဒီလို ပြဿနာတွေနဲ့ ကိုယ်နဲ့ ထိပ်တိုက် မကြုံရအောင် ဒီမှာရှိတဲ့ စာရွက်စာတမ်း အပြည့်အစုံတွေ လုပ်ပြီးတော့ပဲ သူ့နိုင်ငံရဲ့ ဥပဒေကို လိုက်နာပြီးတော့ပဲ နေရင်တော့ အကောင်းဆုံးလို့ စဉ်းစားထားပါတယ်”လို့ ပြောပါတယ်။

နေရပ်ပြန်ပို့ခံရသူဟာ မိခင်နိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်ခံရနိုင်တာ၊ လူမဆန်တဲ့ ပြုမူဆက်ဆံမှု ဒါမှမဟုတ် အတင်းအကျပ် ပျောက်ဆုံးခံရနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုရင် တခြားနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက သံတမန်လမ်းကြောင်းကနေ တတိယနိုင်ငံကို လွှဲပြောင်းပေးဖို့ တောင်းဆိုနိုင်တဲ့ လမ်းကြောင်းကိုလည်း နည်းဥပဒေမှာ ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကို ပြည်နှင်ဒဏ်အမိန့်ထွက်ပြီး ၇ ရက်အတွင်း တင်ပြရမှာဖြစ်သလို၊ ပြန်ပို့ခံရသူရဲ့ စာဖြင့်သဘောတူညီချက်နဲ့ ကုန်ကျစရိတ်အားလုံးကို တောင်းဆိုထားတဲ့ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းဘက်က တာဝန်ယူဖို့ လိုအပ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အထောက်အထားမဲ့ လုပ်သားတွေလည်း ရှိတာကြောင့် ထိုင်းအစိုးရက နှစ်စဉ် လုပ်ပေးတဲ့ တရားဝင် အထောက်အထားတွေကို အချိန်မီ ပြုလုပ်ဖို့နဲ့ ထိုင်းဥပဒေအတိုင်း စည်ကမ်းတကျ လိုက်နာနေထိုင်ဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

Labour Rights Foundation ပြောခွင့်ရ ဦးအောင်ကျော်က “ထိုင်းနိုင်ငံ သတ်မှတ်ထားတဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်မှု ဥပဒေအရ ခံစားခွင့်တွေ ရဖို့အတွက် ကိုယ်တိုင်သည်လည်း တရားဝင် နေထိုင်ပြီးမှ တရားဝင် စာရွက်စာတမ်း အပြည့်အစုံနဲ့ နေထိုင်မှသာလျှင် ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝ ရမှာဖြစ်ပါတယ်လို့ မကြာခဏ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ နိုင်ငံသားတွေက အလုပ်ရရင်ပြီးရောဆိုပြီး တွေ့ရာလူနဲ့ ထိုင်းလူမျိုးတယောက်ရဲ့ နာမည်ကို ခံလိုက်တယ်။ ပြီးရင် ရတဲ့အလုပ်မှာ ဝင်လုပ်နေတယ် ဆိုမှ စစ်ဆေးတဲ့အခါမှာ သူက အလုပ်ရှင်နာမည်လည်း မတူဘူး၊ နေရပ်လိပ်စာလည်း မတူဘူး၊ လုပ်ငန်း အမျိုးအစားလည်း မတူဘူးဆိုတော့ သူတို့က ပြည်နှင်ဒဏ်တွေ ပေးခံရတယ်။ ကျနော် ထင်တယ် တကယ့် ရင်လေးစရာ ကိစ္စပါ။ အဲဒါကလည်း သူ့နိုင်ငံရဲ့ လုံခြုံရေးအရ သူထုတ်တဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့် ဒီအတွက် ကျနော်တို့ နိုင်ငံသားတွေ အများကြီး အခက်အခဲနဲ့ ရင်ဆိုင်ရမှာကို အင်မတန် စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိင်ငံ၊ ရနောင်း အချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာ အာဏာပိုင်တွေဆီကို လစဉ် လွှဲပြောင်း ပို့ဆောင်နေပြီး ၂၀၂၅ ခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ဦးရေ ၂၀၀၀ ကျော် ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်မှတ်တမ်းတွေအရ သိရပါတယ်။

DVB Data Team ရဲ့ စုဆောင်းချက်အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားအယောက် ၄,၀၀၀ ကျော် ရှိတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013