
ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံ ပြန်ပို့နိုင်ဖို့ သတ်မှတ်ထားတဲ့ ပြည်နှင်ဒဏ် နည်းဥပဒေသစ်ဟာ ဩဂုတ် ၂၈ ရက်မှာ စတင် အသက်ဝင်ခဲ့ပြီး ဥပဒေမှာ ပါဝင်တဲ့ အချက် ၆ ခုလုံးကို မြန်မာနိုင်ငံသားတွေ သတိထားဖို့ လိုအပ်နေပါတယ်။
ဒီနည်းဥပဒေသစ်ကို ထိုင်းဝန်ကြီးချုပ် အနုထင်းက ဩဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ် ၂၇ ရက် နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တာပါ။
နည်းဥပဒေမှာ ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှုအမျိုးအစား ၆ ခု သတ်မှတ်ထားပါတယ်။ ဥပဒေနဲ့ မညီဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တာ ဒါမှမဟုတ် နေထိုင်တာ၊ နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေနဲ့ မညီဘဲ အလုပ်လုပ်တာနဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်တာ (ကန့်သတ်အလုပ်တွေ လုပ်ကိုင်တာတွေ) ပါဝင်ပါတယ်။
ဒါ့အပြင် အစိုးရစာရွက်စာတမ်း အတုလုပ်တာ ဒါမှမဟုတ် အသုံးပြုတာ၊ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ၅ နှစ်ထက်ပို ချမှတ်နိုင်တဲ့ ပြစ်မှုတွေ ကျူးလွန်တာနဲ့ အဲဒီပြစ်မှုတွေမှာ ပါဝင်ကူညီသူတွေကိုလည်း ပြည်နှင်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီတာဝန်ရှိသူ ဦးမိုးကြိုး က “မြန်မာနိုင်ငံသားတွေ သတိထားရမှာကတော့ အချက် ၆ ချက်လုံးကို သတိထားရမှာပေါ့။ ၁ ကနေ ၅ အထိက တရားမဝင် ထိုင်းနိုင်ငံထဲကို ဝင်ရောက်တာ၊ တရားမဝင် အလုပ်လုပ်ကိုင်တာ၊ တရားမဝင် စီးပွားရေး လုပ်ငန်းတွေ မိခင်နိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့ အလုပ်တွေ လုပ်တာ၊ နောက် ထောင်ဒဏ် ၅ နှစ်နဲ့အထက် ရာဇဝတ်မှု တစုံတရာကို ကျူးလွန်တာ၊ ၁ ကနေ ၅ အထိ အဲဒီအချက်အလက်တွေ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံတော်ရဲ့ လုံခြုံရေး စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ချိုးဖောက်တယ် ဆိုရင် မည်သည့် နိုင်ငံခြားသားမဆို သူ့ရဲ့ မိခင်နိုင်ငံကို ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ အချက်ကို ဩဂုတ်လ ၂၆ ရက်နေ့က ဝန်ကြီးချုပ် အနုထင်ကနေ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်ဆိုတော့ ၂၈ ရက်နေ့မှာ စတင် သက်ဝင်တယ်” လို့ ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားတွေအတွက် ပြည်နှင်ဒဏ်ခံရပြီးနောက် ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်က ပိုပြီးစိုးရိမ်စရာ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတဲ့ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသားတွေဟာ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ အဓမ္မစစ်သားစုဆောင်းခံရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ရနောင်း-ကော့သောင်း လမ်းကြောင်းကနေ ပြန်ပို့ခံရသူတွေထဲမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။
အဲဒီလို အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးမှာတော့ ပြည်နှင်ဒဏ်ခံရသူကို တတိယနိုင်ငံ ပို့ဆောင်ပေးနိုင်ဖို့ လမ်းကြောင်းတခုကိုလည်း နည်းဥပဒေမှာ ထည့်သွင်းထားပါတယ်။
ပြည်နှင်ဒဏ်အမိန့်ထုတ်ပြီး ၇ ရက်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရနိုင်တာ၊ လူမဆန်တဲ့ ပြုမူဆက်ဆံခံရနိုင်တာ ဒါမှမဟုတ် အတင်းအကျပ်ပျောက်ဆုံးခံရနိုင်တာလို အန္တရာယ်တွေရှိကြောင်း တောင်းဆိုနိုင်ပြီး သက်ဆိုင်သူရဲ့ သဘောတူညီချက်လည်း လိုအပ်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီတာဝန်ရှိသူ ဦးမိုးကြိုးက “ဒီဥပဒေက ထိုင်းနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံသား အခွင့်အရေးအပြင် အထွေထွေ ကာကွယ်စောင့်ရှောက်မှုတွေကို လုပ်တာတော့ မှန်တယ်။ သို့သော် ဥပဒေသ ၆ ချက်ထဲမှာ ပါတဲ့ အချက်အလက်တွေဟာ လူ့အခွင့်အရေးနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ လျှော်ညီခြင်း ရှိ၊ မရှိ၊ ပြီးတော့ လူသား လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လျှော်ကန်မှု ရှိ၊ မရှိ ဆိုတာတွေ အားလုံး ခြုံငုံ သုံးသပ်မယ်ဆိုရင် ဘက်ပေါင်းစုံက သုံးသပ်မယ်ဆိုရင်တော့ စောဒက တက်စရာတွေ၊ အငြင်းပွားစရာတွေနဲ့ ကန့်ကွက်စရာတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေကို အပြည့်အစုံ ရှိထားဖို့၊ အလုပ်ရှင်နဲ့ သူဌေး ကိုက်ညီတဲ့ အလုပ်တွေမှာ တရားဝင် စနစ်တကျ လုပ်ကိုင်ကြဖို့ လိုတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက သတိပေးပါတယ်။
Labour Rights Foundation ပြောခွင့်ရ ဦးအောင်ကျော်က “တရားဝင် နေထိုင်ခွင့်၊ တရားဝင် အလုပ်လုပ်ခွင့်၊ မှန်ကန်သော အလုပ်ရှင် အလုပ်သမားနဲ့ စနစ်တကျ အလုပ်လုပ်ကိုင်ခြင်းသည်သာလျှင် အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ ဟို စာရွက်စာတမ်းတွေကို စနစ်တကျ လေ့လာသင်ဆည်းထားဖို့ လိုအပ်ပါတယ်။ ပြီးရင် လိုအပ်ရင် ကိုယ်ကိုယ်တိုင် ထိုင်းဘာသာစကား မကျွမ်းကျင်ရင်လည်း ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သန်းနဲ့ချီ ရှိတဲ့အတွက်ကြောင့် အလုပ်သမားရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး၊ အင်မတန် များပြားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ page တွေမှာ လိုင်းပေါ်မှာ တင်ထားပေးတဲ့ အသိပညာပေး စာတွေ အားလုံးကို စနစ်တကျ လေ့လာမှတ်သားပြီးမှ စနစ်တကျ နေထိုင်ခြင်းအားဖြင့် မိမိရဲ့ အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ထိုင်းရဲ့ ပြည်နှင်ဒဏ် နည်းဥပဒေသစ်ဟာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အရေးယူဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ မြန်မာလုပ်သားတွေအတွက်တော့ စာရွက်စာတမ်းအခြေအနေ မှန်ကန်ဖို့နဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပိုမိုအရေးကြီးလာပါတယ်။
DVB Data Team ရဲ့ စုဆောင်းချက်အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားအယောက် ၄,၀၀၀ ကျော် ရှိတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။











