
နီပေါနိုင်ငံလေဆိပ်မှာ မူးယစ်ဆေး သယ်လာတဲ့ မြန်မာနိုင်ငံသားတချို့ အခုရက်ပိုင်းထဲ ဖမ်းဆီးခံရတယ်လို့ စစ်အာဏာရှင် သံရုံးက အသိပေးထုတ်ပြန်ပါတယ်။
ခတ္တမန္ဒူမြို့၊ တရီဘူဝန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံသားတချို့ မူးယစ်ဆေးဝါး သယ်ဆောင်လာမှုနဲ့ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နီပေါနိုင်ငံဆီကို အလည်အပတ်ဖြစ်စေ၊ ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်လို့ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ လာတဲ့ မြန်မာနိုင်ငံသားတွေဟာ သိလို့ဖြစ်ဖြစ်၊ မသိဘဲဖြစ်ဖြစ် မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေထဲ တရားမဝင် မူးယစ်ဆေး ပါလာပြီး ဖမ်းဆီးခံရတာရှိနေတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူအရေအတွက်ကို အတိအလင်းဖော်ပြထားတာမရှိပေမဲ့ အတော်များတဲ့အခြေအနေ ရှိနိုင်တယ်လို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက သံရုံးရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး ခန့်မှန်းပြောဆိုပါတယ်။
ကျောက်တံတားမြို့နယ်က လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က “သံရုံးက ဒီလောက်ပြောလာတော့ တော်တော်ဆိုးဆိုး ဖြစ်နေလို့ပဲ ထင်တယ်။ တော်ရုံဆို သတင်းဖုံးထားမှာ။ တဘက်နိုင်ငံကလည်း သတိပေးလို့ ဖြစ်မယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ အလားတူဖြစ်ရပ်တွေ ထပ်မပေါ်ပေါက်အောင် သတိပြုဆင်ခြင်၊ သွားလာဖို့ သိပေးထားပါတယ်။
နီပေါမှာ မကြာခင်က ရေဘေးရင်ဆိုင်ခဲ့ရပြီး စစ်အာဏာရှင်အစိုးရက အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ ပဲမျိုးစုံ ၈ တန် ပေးပို့လှူဒါန်းခဲ့ပါတယ်။











