
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့သူ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို စစ်အာဏာရှင်က စက်တင်ဘာ ၁၆ ရက်ညနေပိုင်းမှာ ပြည်နှင်လိုက်ပါတယ်။
သံတမန်ဆက်ဆံရေး၊ မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုပြီး ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်နှင်စေလွှတ်တာလို့ စစ်အာဏာရှင်က သတင်းထုတ်ပြန်လာတာပါ။
သူဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့်ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက်က ပန်းဘဲတန်းမြို့မရဲစခန်းမှာ စစ်အာဏာရှင်က ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်ထားတာပါ။
တကယ်တမ်းမှာတော့ Adam Michael Castillo ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို ‘A Story of Leadership in Crisis and the American Spirit Abroad’ ဆိုတဲ့ စာအုပ်ရေးသားထုတ်ဝေပြီး နိုင်ငံတကာစာအုပ်မိတ်ဆက်ပွဲ ခရီးစဉ်တွေကအပြန် ဇွန် ၁၁ ရက်မှာ ရန်ကုန်လေဆိပ်မှာ စစ်အာဏာရှင်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တရားရုံးက သူ့ကို ၂ ပတ်ကြာချုပ်မိန့်ပေးခဲ့ပြီး ဖြစ်စဉ်နဲ့အခြေအနေအသေးစိတ်ကိုတော့ အမေရိကန်သံရုံးကရော စစ်အာဏာရှင်ဘက်ကပါ ထုတ်ပြန်ခဲ့တာ မရှိပါဘူး။
သူ့ကို တရားစွဲဆိုထားတာက ရာထူး လုပ်ငန်းတာဝန်အရ ယုံကြည်အပ်နှံထားတာကို အလွဲသုံးစားလုပ်တာဖြစ်ပြီး ထောင် နှစ် ၂၀ ချနိုင်တာပါ။
သူဟာ မြန်မာနိုင်ငံမှာ လုံခြုံရေးကုမ္ပဏီထူထောင်ထားပြီး ၁၂ ကြာလုပ်ငန်းလုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Adam Michael Castillo ဟာ APAC Rising Star of the Year ဆုကိုရရှိခဲ့သလို White Page International ရဲ့ အာရှတိုက်ဆိုင်ရာ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ခေါင်းဆောင် ၁၀၀ စာရင်း၊ AsiaOne မဂ္ဂဇင်းရဲ့ အာရှတိုက်မှာသြဇာအရှိဆုံး လူငယ်ခေါင်းဆောင် ၄၀ စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။











