
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ သူတို့ သတ်မှတ်ထုတ်ပြန်မဲ့ “ကန့်သတ်ဇုန်” အတွင်း ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဝင်ရောက်လာတဲ့ ဘယ်သင်္ဘောကိုမဆို အရေးယူ ပိတ်ဆို့ သွားမယ် လို့ စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
အီရန်အစိုးရပိုင်းနဲ့ နီးစပ်တဲ့ Tasnim သတင်းအေဂျင်စီအရ IRGC ပြောရေးဆိုခွင့်ရှိသူ ဟော့စိန် မိုဘက်ဘီက ကြိုတင်မညှိနှိုင်းဘဲ ဝင်ရောက်လာတယ်ဆိုရင် နောင်အခါ ဟော်မုဇ်ရေလက်ကြား အသုံးပြုခွင့်အပါအဝင် ဆိပ်ကမ်း၊ အာမခံနဲ့ တခြားဝန်ဆောင်မှုတွေကို ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
ဒီဇုန်ရဲ့ အတိအကျ နယ်နိမိတ်ကို နောက်မှ ထုတ်ပြန်မှာဖြစ်ပေမဲ့ အရှေ့တောင်ဘက် ချာဘဟာ ဆိပ်ကမ်းကနေ အိုမန်ပင်လယ်ကွေ့၊ အာရေးဘီးယန်းပင်လယ်နဲ့ ဟော်မုဇ်ရေလက်ကြားဆီ ဦးတည် တဲ့ လမ်းကြောင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို “အီရန်ရဲ့ အင်အားပြရာ ရေလက်ကြား” လို့လည်း တင်စားပြီး ရန်သူ့ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ဒီအင်အားကို သုံးသွားမယ်လို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအပြီး အီရန်က ဟော်မုဇ် ရေလက်ကြား ကို ကန့်သတ်ခဲ့သလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းသွား သင်္ဘောတွေကို ရေကြောင်း ပိတ်ဆို့ ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ညက အီရန်ရေနံတင်သင်္ဘောတွေကို အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်လို့ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကို ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တဖက်မှာလည်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က လွန်ခဲ့တဲ့ ၂ ရက်အတွင်း အမေရိကန် စစ်သင်္ဘောကို IRGC က ပဲ့ထိန်းဒုံးကျည်နဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့မှုအတွက် တုံ့ပြန်တဲ့ အနေနဲ့ အီရန်ရေနံစိမ်းတင်သင်္ဘော ၅ စီးကို ဖျက်ဆီးခဲ့ကြောင်း လူမှုကွန်ရက် X မှာ ဖော်ပြခဲ့ပါတယ်။
IRGC ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ဖျက်သင်္ဘော နှစ်စီး အပါအဝင် သင်္ဘော လေးစီး၊ ရေနံတင်သင်္ဘော ရှစ်စီးနဲ့ ဂျော်ဒန်ရှိ အမေရိကန် လေတပ်စခန်းတခုကို တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters











