
အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ်တော်လှန်ရေအစောင့်တပ်ဖွဲ့ (IRGC) နဲ့ လက်အောက်ခံ ဘာစီဂျ် စေတနာ့ဝန်ထမ်းတပ်ဖွဲ့တို့ဟာ တီဟီရန်မြို့မှာ ပြည့်စုံတဲ့ စစ်ရေးလေ့ကျင့်ရေးစခန်းသစ်တခုကို နိုဝင်ဘာ ၂ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ဒီစခန်းဟာ သူတို့ရဲ့ တတိယမြောက်စခန်းပါ။ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက တည်ထောင်ထားတဲ့ ဒီစခန်းတွေဟာ သာမန်ပြည်သူတွေအတွက် အခြေခံစစ်ရေးလေ့ကျင့်မှုတွေကို အဓိက ပံ့ပိုးပေးနေပါတယ်။
နိုင်ငံကိုကာကွယ်ဖို့ စေတနာအလျောက် ပါဝင်လာစေရေး လှုပ်ရှားမှုတရပ်ကို အီရန်အစိုးရက စတင်ခဲ့ရာမှာ အခုအချိန်အထိ နိုင်ငံတဝန်းက လူပေါင်း ၃၃ သန်းကျော် ပါဝင်လာကြပြီလို့ အခမ်းအနားမှာ အရာရှိတွေက ပြောပါတယ်။
တီဟီရန်မြို့တော်က IRGC ရဲ့ မိုဟမ်မဒ် ရာစူလူလာ တပ်ဖွဲ့မှူး ဟာဆန် ဟာဆန်ဇာဒက်က “မှတ်ပုံတင်ခွင့် စတင်ကြေညာလိုက်တာနဲ့ တပြိုင်နက် နေရာအားလုံး မိနစ် ၁၀၀ အတွင်း ပြည့်သွားခဲ့တယ်” လို့ ပြောပါတယ်။
အခြေခံ၊ ဖြည့်စွက်နဲ့ အဆင့်မြင့်လေ့ကျင့်မှုတွေအပြင် လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတွေကိုပါ အခုဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အကျပ်အတည်းကာလတွေမှာ လျင်မြန်ထိရောက်မှုရှိရှိ တုံ့ပြန်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်း အဖွဲ့တွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း IRGC လေ့ကျင့်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အခမ်းအနားကို အီရန်စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့က စစ်ပွဲ ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေနဲ့ အီရန်ကို အညံ့ခံလာအောင် လုပ်နိုင်မယ်လို့ ယူဆရင် လုံးဝမှားယွင်းနေတယ်လို့ သူတို့က ပြောပါတယ်။
အီရန်ပြည်သူတွေက ရန်သူ့ခြိမ်းခြောက်မှု ဘယ်လိုပုံစံကိုမဆို ခုခံတွန်းလှန်ရာမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဆက်ထောက်ခံအားပေးသွားမယ်ဆိုတာ သူတို့လုပ်ရပ်တွေကတဆင့် ပြသခဲ့ပြီးပြီ လို့လည်း ပြောပါတယ်။
Source: Reuters











