
ဟော်မုဇ် ရေလက်ကြားထဲက အီရန်နိုင်ငံပိုင် ကက်ရှမ်ကျွန်းကို အမေရိကန်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အလျောက် အဲဒီမှာ ပေါက်ကွဲသံအများအပြား ထွက်ပေါ်လာခဲ့တယ်လို့ IRNA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို အကန့်အသတ်နဲ့သာ လုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေဘက်က အတည်ပြုပါတယ်။ ဒါဟာ အီရန်စစ်တပ် IRGC ဘက်က အမေရိကန်လေယာဉ်တစင်းကို ပစ်ခတ်ခဲ့တဲ့အပေါ် တုံ့ပြန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပွားခဲ့ပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်ဖို့ “အလျင်မလိုဘူး” ဆိုပြီး မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ဆက်စပ်နေတဲ့ Pickaxe တောင်အပေါ် အမေရိကန်အနေနဲ့ တိုက်ခိုက်ဖို့ လိုလာနိုင်ပြီး “တနာရီအတွင်း” ကိစ္စဖြတ်နိုင်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃ ရက် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ အမေရိကန်က အီရန်အပေါ် အကြီးအကျယ် တိုက်ခိုက်မှုတွေကို တဖန် စတင်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အာရက်ချီ ဘက်က စစ်ရေးရော၊ သံတမန်ရေးအရပါ အရင်ထက်တောင် ပိုပြီး ပြင်ဆင်ထားတဲ့အလျောက် အမေရိကန်အပေါ်မှာပဲ မူတည်ပါတယ်ဆိုပြီး ဝါရှင်တန်ကို တုံ့ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အကျပ်အတည်းတွေ ဖြေရှင်းပေးဖို့ တရုတ်နိုင်ငံဟာ သံတမန်ရေးအရ ကြိုးပမ်းနေပြီး နိုဝင်ဘာ ၂ ရက်က ပေကျင်းမြို့တော်မှာ အီရန်၊ အိုမန်နဲ့ ဆော်ဒီ တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် တရုတ်သမ္မတ ရှီကျင့်ဖျင် ကတော့ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့ဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်စရာနေရာ မဖြစ်သင့်ဘူးဆိုပြီး အိုမန်ဘုရင်ကို တွေ့ဆုံချိန်မှာ ပြောသွားပါတယ်။
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကလည်း အီရန်ရဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ပေကျင်းအနေနဲ့ ထောက်ခံတဲ့အကြောင်း ပြသခဲ့ပါတယ်။
Source: Reuters











