DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း-ရုရှား ဆွေးနွေးပွဲသစ်အတွက် အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးမည်
DVB
·
November 3, 2026
Photo: Hamad Al Kaabi, Reuters
Photo: Hamad Al Kaabi, Reuters
Donate to DVB

လာမဲ့အပတ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ မြို့တော် အဘူဒါဘီမှာ ယူကရိန်းနဲ့ ရုရှားတို့အကြား လုပ်ငန်းအဆင့် ဆွေးနွေးရာမှာ အမေရိကန်ပြည်ထောင်စုက ကြားဝင်ဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။

ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ အဘူဒါဘီမြို့တော်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စတိဗ်ဝစ်ကော့ဖ်ရဲ့ရုံးက X လူမှုကွန်ရက်မှာ အတည်ပြုပါတယ်။

ဆွေးနွေးရာမှာ စစ်ပွဲအပြီး လုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ချက်တွေ၊ တင်းမာမှု လျှော့ချရေး ကြိုးပမ်းချက်တွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် နောက်တဆင့် လုပ်ဆောင်ရမဲ့ အစီအစဉ်တွေ ပါမှာပါ။

ဒါ့အပြင် အမေရိကန် ကိုယ်စားလှယ်တွေဟာ ခုအပတ်အတွင်း ဘရပ်ဆဲလ်မြို့မှာ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ မြောက် အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာပါ။

ဒီဆွေးနွေးပွဲမှာ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေ၊ စစ်ပွဲအပြီး ဥရောပလုံခြုံရေးဆိုင်ရာ ဖွဲ့စည်းပုံနဲ့ ယူကရိန်း ပြန်လည်တည်ဆောက်ရေးကို အထောက်အကူပြုမဲ့ စီးပွားရေး အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးကြမယ်လို့ ဖော်ပြထားပါတယ်။

လာမဲ့ ဆွေးနွေးပွဲတွေဟာ ယူကရိန်းပြဿနာကို ဖြေရှင်းရာမှာ အဆုံးအဖြတ်ပေးနိုင်လောက်တဲ့ အရေးပါမှုရှိတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်အကြံပေး ယူရီ အူရှာကို့ဗ်က မီဒီယာတခုနဲ့ အင်တာဗျူးမှာမှာပြောပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဆွေးနွေးပွဲတွေမတိုင်မီ ရုရှားအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဘယ်လိုပုံစံနဲ့မဆို ရပ်ဆိုင်းထားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။

ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတာက ရုရှားအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ သဘောတူထားတာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရစေဖို့ ထရမ့်ပ်အစိုးရအဖွဲ့က ကြိုးပမ်းနေပေမဲ့ နှစ်ဖက်အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ လျော့မသွားဘဲ ဆက်ဖြစ်နေဆဲပါ။

အရင်က ယူကရိန်း၊ ရုရှနဲ့ အမေရိကန်တို့ ပါတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပေမဲ့ သိသာထင်ရှားတဲ့ တိုးတက်မှု တစုံတရာမရရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013