
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ် ထိန်းချုပ်မြို့နယ်ဧရိယာ အနည်းငယ်သာ ကျန်ရှိပြီး လက်ရှိ စစ်ရေးအရ အရေးနိမ့်နေချိန်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကြောင့် နှစ်စကနေ ပြီးခဲ့တဲ့ ဇူလိုင်လအထိ ရာနဲ့ချီတဲ့ အရပ်သား ပြည်သူတွေ သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုဟာ အာရက္ခဒေသနဲ့ ထိစပ်နေတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ အပါအဝင် ချင်းပြည်နယ် (တောင်ပိုင်း)တွေကို တပြိုက်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြေပြင်တိုက်ပွဲ အရေးနိမ့်နေတဲ့အတွက် လေကြောင်းကို အရှိန်မြှင့် တိုက်ခိုက်လာနေတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ် ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ဇူလိုင် တလအတွင်းမှာတင် မြို့နယ်ပေါင်း ၁၀ မြို့နယ်ကို နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲချနေပြီး အရပ်သား သေဆုံးသူ ၂၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇၃ ယောက်ထက်မနည်း ရှိနေပါတယ်။
DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ အခု ၂၀၂၆ ဇန်နဝါရီလကနေ ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား အယောက် ၂၃၀ အထိ သေဆုံးခဲ့ပြီး လူပေါင်း ၃၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သြဂုတ် ၄ ရက် ည ၉ နာရီကျော်ကလည်း မြောက်ဦးဒေသကို လေယာဉ်အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေပေါင်းများစွာ ကြဲချခဲ့တဲ့အတွက် ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြတဲ့ အခြေအနေကို မြောက်ဦးဒေသခံ ဦးခင်မောင်စန်းက ရင်ဖွင့်ပါတယ်။
“ည ၉ နာရီလောက်ရှိမယ်၊ အဲဒီချိန်မှာ ကလေးတွေက စာဖတ်နေကြတာလေ။ အဲဒီလိုမျိုး စာဖတ်တဲ့ အချိန်မှာ ‘ဝုန်းခနဲ’ ဆိုပြီးတော့ တလုံး ကြားလိုက်တာနဲ့ကို ကလေးတွေက ဘယ်ကို ပြေးရမှန်းမသိကို ဖြစ်သွားတာပေါ့လေ။ ဟိုအရင် နွေရာသီကာလဆိုရင် ကျနော်တို့မှာ ဗုံးခိုကျင်းတွေ ရှိတယ်။ အခုတော့ မိုးတအားရွာတဲ့အခါမှာ ဗုံးခိုကျင်းလည်း မရှိတော့ဘူးပေါ့။ ဆိုတော့ ဒီကလေးတွေက ခိုကိုးရာမဲ့ ဖြစ်သွားတာပေါ့လေ။ ကြောက်လွန်းပြီးတော့မှ တအားငိုကြတယ်။ မနေ့က သူတို့ တနေ့လုံး အိပ်မပျော်ကြဘူး။ အခုလည်း မနက်မိုးလင်းတာနဲ့ကို ကြောက်နေကြပြီ၊ နောက်ထပ် လာပြီးတော့မှ ချမလားဆိုပြီးတော့။ ခု နေရင်းနဲ့လည်း ခွေးဟောင်သံ ကြားရင် အဲ့လိုမျိုး လန့်သွားတယ်။ တခုခု အသံ ဒုန်းခနဲ တံခါးပိတ်သံကြားရင်လည်း လန့်နေကြတယ်ပေါ့လေ၊ ကြောက်နေကြတယ်ပေါ့။ စာလုပ်ဖို့လည်း စိတ်မဝင်စားကြတော့ဘူးပေါ့။”
အလားတူ ဩဂုတ်လအတွင်းမှာလည်း စစ်အုပ်စုက သံတွဲနဲ့ ငပလီဒေသတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
မြောက်ဦးမြို့က စစ်သုံ့ပန်းတွေထားရှိရာ စစ်တပ်အခြေစိုက်ခဲ့တဲ့ အမှတ် ၅၄၀ ခြေမြန်တပ်ရင်းကို ဗုံးလာကြဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိကို လက်ရှိမှာ DVB က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် အခုလို ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်က သူ့အမြင်ကို သုံးသပ်ပြောဆိုပါတယ်။
“အကြမ်းဖက် စစ်အာဏာရှင်အုပ်စုဟာ ရခိုင်ပြည်သူနဲ့ ရခိုင်ပြည်ကို သူတို့ မလိုလားပါဘူး။ အဲဒါကြောင့်လည်း နိစ္စဓူဝ လေကြောင်းကနေပြီးတော့ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။ ရခိုင် ဆိုတဲ့အသံကို ကြားရုံနဲ့ကို ဒီအကြမ်းဖက်အုပ်စုဟာ ကြောက်ရွံ့ပါတယ်။ အဲဒါကြောင့်လည်း အခုလို ဗုံးကြဲသတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။ သူတို့ လိုချင်တာက ရခိုင်ပြည်မှာ ရှိတဲ့ သယံဇာတတွေ ဒါတွေကိုပဲ သူတို့ လိုလားတာ ဖြစ်တယ်။ ကျန်တဲ့ ရခိုင်ပြည်သူ ဆိုတာကတော့ သူတို့ရဲ့ ရန်သူလို့ပဲ သတ်မှတ်ပါတယ်။ အဲဒီအတွက် အခုလို လာပြီးတော့ ဗုံးကြဲသတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။”
စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် တလအတွင်း သေဆုံးခဲ့ရသူတွေမှာ သံတွဲမှာ ၇ ယောက်၊ တောင်ကုတ်မှာ ၅ ယောက်၊ ဂွမှာ ၄ ယောက်၊ မောင်တောမှာ ၄ ယောက်နဲ့ ဘူးသီးတောင်မှာ ၁ ယောက်တို့ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ သံတွဲမှာ ၃၄ ယောက်၊ တောင်ကုတ်မှာ ၂၂ ယောက်၊ ဂွမှာ ၃ ယောက်၊ ဘူးသီးတောင်မှာ ၈ ယောက်၊ ပုဏ္ဏားကျွန်းမှာ ၄ ယောက်နဲ့ ပေါက်တောမှာ ၂ ယောက်တို့ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဘက်က 'ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ' တွေ ထုတ်ပြန်နေပေမဲ့ လက်တွေ့မှာတော့ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် အာရက္ခတပ်တော်ဘက်ကလည်း စစ်အာဏာရှင်ရဲ့ အပြောနဲ့ အလုပ် မညီမျှမှုအပေါ် ပြင်းထန်စွာ ဝေဖန်ထားပါတယ်။










