
တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံခြားက ရန်စတာတွေနဲ့ ကျူးကျော်တာတွေကို ထပ်ခါတလဲလဲ မလုပ်ကြဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က အခိုင်အမာ သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာ CCTV က ဇွန် ၆ ရက်မှာ ကြေညာပါတယ်။
ဟွားယန်ဒေါင် ကျွန်းနားမှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်နေတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်တပ်မတော် တောင်ပိုင်းစစ်ဌာနချုပ်နဲ့ တရုတ် ကမ်းရိုးတန်းစောင့်တပ်တွေဟာ ဒေသတွင်း ကင်းလှည့်တာနဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
စီးရှကျွန်းစုတွေတဝိုက် တရုတ်ရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက်လာတဲ့ ဒတ်ချ် (နယ်သာလန်) ဖရီးဂိတ်သင်္ဘော ဒယ်ရိုက်တာကိုလည်း မောင်းထုတ်ခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။
ဒတ်ချ်ဖရီးဂိတ် စစ်သင်္ဘောက တရုတ်လေပိုင်နက်အတွင်း ရဟတ်ယာဉ်တစင်းကို စေလွှတ်ခဲ့လို့ PLA က ပြောပါတယ်။
တရုတ်ရေတပ်သင်္ဘော ၆၃၁ နဲ့ ၆၂၆ တို့ဟာ ဒတ်ချ်စစ်သင်္ဘောကို အနီးကပ်ခြေရာခံပြီး အကွာအဝေးတိုအတွင်း မောင်းထုတ်ခဲ့သလို သင်္ဘော ၅၅၃ ကလည်း နယ်သာလန်နိုင်ငံက NH-90 ရဟတ်ယာဉ်ကို သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒတ်ချ်သင်္ဘောနဲ့ ရဟတ်ယာဉ်တွေကို မောင်းထုတ်ဖို့ PL-10 ဝေဟင်ကနေ ဝေဟင်ပစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေကိုလည်း စေလွှတ်ခဲ့ပါတယ်။
Source: Reuters










