
ပြည်ပနိုင်ငံတွေကနေ လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဝင်ပေါက်တွေကတဆင့် သယ်ဆောင်လာတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်) မှာ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အခွန်မဆောင်ရင် ဒဏ်ကြေးကောက်မယ်လို့ CEIR နဲ့ EIR စနစ် စီမံကိန်းဦးစီးကော်မတီက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ကော်မတီရဲ့ ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်လာတဲ့ ခရီးသည် တယောက်ဟာ မိမိလက်ရှိ အသုံးပြုနေတဲ့ ဖုန်းအပါအဝင် မိုဘိုင်းဖုန်း ၂ လုံးအထိသာ သယ်ဆောင်ခွင့်ရှိပါတယ်။
CEIR စနစ်မှာ မှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ ဖုန်းတွေဆိုရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) နဲ့ ဖုန်းရဲ့ IMEI နံပါတ်ကို ထည့်သွင်းကြေညာရမှာလို့ ဆိုထားပါတယ်။
အဲဒီလို ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း CEIR OSS အဖွဲ့ထံ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ လျှောက်ထားပြီး ကျသင့်တဲ့ အခွန်ငွေကို ပေးသွင်းရမှာ ဖြစ်ပါတယ်။
ရက် ၃၀ ကျော်လွန်ရင်တော့ အခွန်အပြင် ဒဏ်ကြေးငွေပါ ထပ်မံကောက်ခံသွားမှာလို့ ထုတ်ပြန်ထားပါတယ်။
ခရီးသည်တယောက်အနေနဲ့ ပထမအကြိမ် PD Form ကြေညာတဲ့နေ့ကစလို့ တနှစ်အတွင်း မိုဘိုင်းဖုန်း ၂ လုံးအထိသာ လျှောက်ထားခွင့်ပြုမှာဖြစ်ပြီး ခွင့်ပြုစာရင်း (Whitelist) မှာ မပါဝင်ဘဲ မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေကိုတော့ မိုဘိုင်းကွန်ရက်လိုင်းတွေ သုံးစွဲခွင့် ပိတ်ပင်သွားမယ်လို့လည်း သိရပါတယ်။










