DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းခိုင်းစေမှုနှင့် စီးပွားရေးကျပ်တည်းမှုကြောင့်  မြန်မာလူငယ်အများစု ပြည်ပထွက်ခွာ
DVB
·
October 17, 2026
Photo: Myanmar Embassy ( မြန်မာလူငယ် အလုပ်သမားများကို အင်ချွန်းလေဆိပ်၌ တွေ့ရစဉ်။ ) 
Photo: Myanmar Embassy ( မြန်မာလူငယ် အလုပ်သမားများကို အင်ချွန်းလေဆိပ်၌ တွေ့ရစဉ်။ ) 
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း  နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု တွေနဲ့အတူ လူငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ ဆိုးဆိုးရွားရွား ဆုံးရှုံး နေရသလို အထူးသဖြင့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း လူငယ်တွေဟာ နေ့စဉ် နဲ့အမျှ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေနေကြရပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြရပါတယ်။ 

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က  ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ လူငယ် ၁ သန်းလောက်ဟာ ပြည်ပကို ထွက်ခွာသွားခဲ့ကြတယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒါ့အပြင် နိုင်ငံတွင်းမှာရှိနေတဲ့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၃ ပုံ ၂ ပုံကျော်ဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ အဆက်ပြတ်နေကြတယ်လို့ ဆိုထား ပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေဟာ ပညာရေး၊ အလုပ်အကိုင် မရေရာမှု၊ စိုးရိမ်ကြောက်ရွံ့ရမှု စတဲ့ ဖိအားတွေရှိနေသလို စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်းဥပဒေက လူငယ်တွေ ပြည်ပကိုထွက်ဖို့ အဓိကတွန်းအားတခုလို ဖြစ်လာနေပါတယ်။ 

လက်ရှိ ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ လူငယ်တယောက်က  “စစ်မှုထမ်းရမှာကို စိုးရိမ်တာရှိတယ်။ မတရားပေါ်တာဆွဲခံရမှာတွေပေါ့။ အခု နောက်ပိုင်းကျတော့ ကိုယ်က ညဘက်သွားမယ်၊ လာမယ်၊ စားမယ်ဆိုရင်တောင်မှ အခြေအနေ ဘယ်လိုရှိလဲပေါ့။ ပေါ်တာဆွဲဖို့အတွက် ရဲကားတွေများ ရှိနေသလား။ ပြီးတော့ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ဖျက်ထားရတယ်။ သူတို့ ရစ်နိုင်မဲ့ကိစ္စတွေ အကုန်လုံးကို ဖျက်ထားရတာပေါ့နော်။ စစ်မှုထမ်းနဲ့ ပေါ်တာဆွဲမှာကို ကြောက်တာဖြစ်တဲ့အတွက်ကို ပြည်ပကို ထွက်နိုင်ဖို့ပေါ့နော်။ ပြီးတော့ ပြည်တွင်းမှာကလည်း အလုပ်အကိုင် ရှားပါးမှုနဲ့ ဒီငွေရေးကြေးရေး အခက်အခဲကလည်း အများကြီး ဖြစ်နေတာဆိုတော့ ပြည်ပကိုထွက်ဖို့ ကြိုးစားကြတယ်ပေါ့နော်။ ဒီ လှည်းတန်းတို့မှာဆို အကုန်လုံး ကြည့်လိုက်ရင် လူငယ်တွေအကုန်လုံးက သင်တန်းသူ သင်တန်းသားတွေချည်းပဲ။ နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားနေတဲ့ လူတွေချည်းပဲ” လို့ ပြောပါတယ်။ 

၂၀၂၄ ခုနှစ် ဧပြီလကစလို့ စစ်အာဏာရှင်တပ်က စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင် ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိ အောက်တိုဘာလမှာဆိုရင် စစ်မှုထမ်း အပတ်စဉ် ၂၉ အထိ ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ငွေညှစ်တာတွေကို နေ့စဉ်နဲ့အမျှကြုံနေရတာကြောင့် ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြရပါတယ်။ 

ခုလို အလုံးအရင်းနဲ့ ပြည်ပကိုထွက်ခွာလာကြတဲ့အတွက် တိုင်းပြည်ရဲ့ လူငယ်အရင်းအမြစ်တွေ ဆုံးရှုံးနေရပြီး လူငယ်အရင်းအမြစ်တွေကို သေချာတန်ဖိုးထားသင့်တယ်လို့ လူငယ်တွေက ဆိုကြပါတယ်။ 

ပြည်ပကို ရောက်ရှိနေတဲ့ လူငယ်အမျိုးသမီး မဆူးချစ်က “လူငယ်က ပညာသင်ရမဲ့အရွယ်မှာ၊ ကိုယ့်ဘဝကိုယ် တိုးတက်ရေး တိုးတက်လမ်းလေး ရှာရမဲ့အရွယ်မှာ သူတပါးတိုင်းပြည်မှာ Migrant Worker လေးအဖြစ်ပေါ့နော်။ လာပြီးတော့ စားဝတ်နေရေးအရ ဖြေရှင်းရတယ်။ တဘက်ကနေ မိသားစုကို ထောက်ပံ့ရတယ်။ ကိုယ့်ဟာကိုယ်လည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြိုလဲမသွားအောင် ထိန်းရတယ်ပေါ့လေနော်။ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးရာကိစ္စရပ်တွေက ဒီထက်ပိုပြီးတော့ ခက်ခဲကျပ်တည်းလာတယ်၊ လုံခြုံရေးကလည်း လူငယ်တွေအတွက် အများကြီးစိန်ခေါ်မှုဖြစ်လာတယ်ဆိုရင်တော့ တခြားလမ်း မရှိတော့တဲ့ အတူတူ ပြည်ပထွက်ခွာမှုကိုပဲ ပိုပြီးတော့ လုပ်လာကြမယ်လို့တော့ မြင်တယ်ပေါ့လေနော်” လို့ ပြောပါတယ်။

ပိုမိုကောင်းမွန်တဲ့ လူမှုဘဝ၊ အခွင့်အလမ်းတွေက ပြည်ပနိုင်ငံတွေရဲ့ဆွဲငင်အားလိုဖြစ်ပြီး မြန်မာနိုင်ငံတွင်း စစ်ပွဲတွေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေက လူငယ်တွေကို ပြည်ပ ထွက်ဖို့ တွန်းအားတွေ ဖြစ်နေတာပါ။ 

ပြည်ပကို ရောက်လာခဲ့ရတဲ့ လူငယ်အမျိုးသားတယောက်ဖြစ်သူ ကိုခွန်ဟိဏ်းက “ကျနော်တို့က အသက်ဆက်ရှင်ဖို့၊ ဆက်ပြီးတော့လုံခြုံဖို့၊ ဝမ်းရေးအတွက်၊ ပညာရေးအတွက် နည်းမျိုးစုံနဲ့ပေါ့နော်။ လူတွေရွှေ့ပြောင်းကြတယ် ဆိုတဲ့အချိန်မှာ အဓိကအခြေအနေ နှစ်ခုရှိတယ်။ ပထမတခုက နိုင်ငံခြားတိုင်းပြည်တွေက ပိုကောင်းတဲ့အလုပ်အကိုင်တွေ၊ ပညာရေးတွေ၊ ပိုကောင်းတဲ့ဘဝတွေဆိုတဲ့ အခြေအနေနဲ့ ဆွဲငင်တယ်ပေါ့နော်။ နောက်တချက်ကတော့ ကျနော်တို့ကို တွန်းနေတဲ့အချက်တွေရှိတယ်။ ဒီမှာသာ ဆက်နေရင် ပေါ်တာပါမှာပဲတို့၊ ဘာပညာမှ တတ်မှာမဟုတ်တော့ဘူးတို့၊ ဒီမှာသာဆက်နေရင် ကျနော်တို့ သေမှာပဲပေါ့နော်။ ဘာအလုပ်မှ လုပ်လို့ရမှာ မဟုတ်ဘူး ငတ်မှာပဲတို့။ ဒါတွေက ကျနော်တို့ကို တွန်းနေတဲ့ကိစ္စတွေပေါ့နော်။ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ စစ်ပွဲတွေ၊ စစ်အာဏာရှင်စနစ်တွေကို မပြောင်းလဲနိုင်သေးသရွေ့တော့ ဒီလို တွန်းနေတဲ့အချက်တွေ အများကြီး ရှိနေဦးမှာပဲ။ အနည်းဆုံးတော့ တွန်းနေတဲ့အချက်တွေ ပျောက်ဖို့ဆိုရင်တော့ ကျနော်တို့က နိုင်ငံရေးစနစ်ကို ပြောင်းရမယ်။ စစ်တပ်မရှိမှ ရမယ်ပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့လူငယ်တွေဟာ လက်ရှိမှာ လမ်းဆုံလမ်းခွကို ရောက်ရှိနေကြပြီလို့ UNDP ရဲ့ အစီရင်ခံစာက သတိပေးထားပါတယ်။

ခုလို ဘက်ပေါင်းစုံအကျပ်အတည်းတွေကြားမှာ လူငယ်တွေအတွက် လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာမရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရေရှည်မှာ ဆိုးဆိုးရွားရွား ထိခိုက် နစ်နာရမဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013