
ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကန်မြို့မှာ ကျင်းပခဲ့တဲ့ ၄၆ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲ (46th FIDE Chess Olympiad 2026) မှာ မြန်မာလူငယ် စစ်တုရင်အသင်းက အသင်းလိုက်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
မြန်မာလူငယ် စစ်တုရင်အသင်းမှာ အားကစားသမားဖြစ်တဲ့ ဇော်ရဲထွဋ်၊ စိုင်းဟန်သီဟ၊ လင်းဖုန်းမြတ်၊ ဉာဏ်လင်းထင်၊ ကျော်သီဟတို့ ပါဝင်ကြတာပါ။
ပထမရွှေတံဆိပ်ဆုကိုတော့ ပါကစတန်လူငယ်အဖွဲ့က ရရှိသွားပါတယ်။
အသက် ၁၅ နှစ်အရွယ် မြန်မာ့လက်ရွေးစင် စစ်တုရင် လူငယ်ကစားသမား မင်းအမရာဝတီဟာ အခုပြိုင်ပွဲမှာ WCM (Woman Candidate Master) စံချိန်သစ်ကို ရယူနိုင်ခဲ့တဲ့အပြင် ပွဲစဉ် ၉ ပွဲ ကစားအပြီး ရမှတ် ၆ မှတ်အထိ ရယူနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) က တရားဝင်အသိအမှတ်ပြုတဲ့ တသက်တာ ဘွဲ့တံဆိပ် WFM (Woman FIDE Master) Title ကို အသက်ငယ်ငယ်နဲ့ သမိုင်းဝင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဆိုပါ လူငယ်အမျိုးသမီးလေးဟာ ၂၀၂၄ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့အာရှလူငယ် စစ်တုရင်ပြိုင်ပွဲမှာ အာဆီယံဒေသရဲ့ နံပါတ် ၁ နေရာကို ၁၃ နှစ်အရွယ်ကတည်းက ဆွတ်ခူးခဲ့ဖူးတယ်လို့ သိရပါတယ်။
၄၆ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ (46th FIDE Chess Olympiad 2026) ကို စက်တင်ဘာ ၁၅ ရက်ကနေ ၂၇ ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကန်မြို့မှာ ကျင်းပခဲ့ပြီး ပြိုင်ပွဲ၀င် အားကစားသမား အယောက် ၁,၉၁၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။










