
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၇၅ ရာခိုင်နှုန်းကျော်ဟာ ပညာရေးနဲ့ အဆက်ပြတ်ခဲ့ရတယ်လို့ UNDP အစီရင်ခံစာအရ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူငယ် ၁ သန်းဝန်းကျင် ပြည်ပကိုထွက်ခွာခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေး ကျဆင်းတာ နဲ့အတူ ပညာရေးအခွင့်အလမ်းတွေပါ ဆုံးရှုံးနေပြီး၊ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လူငယ် လူရွယ်တွေဟာ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာ ရွှေ့ပြောင်းနေကြရပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ "Generation Crossroads: Myanmar's Youth at the Centre of Recovery" အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ လူငယ် ၁ သန်းဝန်းကျင်ဟာ ပြည်ပကို ထွက်ခွာခဲ့ကြပြီး အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၇၅ ရာခိုင်နှုန်းကျော်ဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ အဆက်ပြတ်နေကြောင်း ဖော်ပြထားပါတယ်။
စစ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြားမှာ လူငယ်တွေအနေနဲ့ ပညာရေးဆက်သင်ဖို့၊ အလုပ်အကိုင် ရှာဖွေဖို့နဲ့ လုံခြုံရေးအတွက် ရွှေ့ပြောင်းဖို့ဆိုတဲ့ ရွေးချယ်စရာတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကရင်နီဒေသက လူငယ် မော်ဖရေးမြာက “အလုပ်အကိုင် ရှားပါးမှုကတော့ ပြည်တွင်းမှာ စစ်မက်ဖြစ်ပွားနေတာများတဲ့အခါကျတော့ ဒေသတွေက အလုပ်အကိုင်တွေက ရှားပါးလာတယ်။ အလုပ်အများစုကလည်း Volunteer ပဲဖြစ်တယ်ပေါ့နော်။ ကျမတို့က financial (ငွေကြေးပိုင်း) မရှိတဲ့အခါကျတော့ လစာပေးပြီးတော့ လုပ်ခိုင်းတဲ့ အလုပ်မျိုးဆိုတာ သိပ်မရှိဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ အဲလို အလုပ်အကိုင် ရှားပါးတဲ့ အခြေအနေ ဖြစ်လာတဲ့အခါမှာ ဆိုလို့ရှိရင် ကိုယ့်မိသားစုကို ကိုယ်ပြန်လည် ထောက်ပံ့ဖို့တွေ၊ ပြီးတော့ ကိုယ် တခြား အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်ထွက်ရှာကြရတယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်ပေါ့။ ကရင်နီမှာက လမ်းကြောင်းတွေကတော့ အများကြီး ဖော်ဆောင်ပေးနေကြ ပါတယ်။ မြေပြင်မှာ ဆိုရင်လည်း တက္ကသိုလ်ပညာရေး ဖော်ဆောင်ပေးနေကြတယ်ပေါ့နော်။ ပြီးတော့ အသိအမှတ်ပြု ရရှိမှုကိုလည်း ဒီ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လုပ်ဆောင်ပေးနေတာလည်း ကျမတို့ တွေ့ရတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာ မသိမ်းခင်တည်းက နယ်မြေ မတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို စွန့်ခွာခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေမှာ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ရသလို လူငယ်တွေဟာ ပညာရေးထက် ဘဝရှင်သန်ရေးကို ဦးစားပေးနေရတဲ့ အခြေအနေပါ။
တဖက်မှာလည်း တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတာကြောင့် လူငယ်အများစုဟာ မိသားစု စားဝတ်နေရေးအတွက် ပညာရေးကို ရပ်နားပြီး အလုပ်လုပ်ဖို့၊ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်း ခိုလှုံလာကြပါတယ်။
စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကလည်း နိုင်ငံတွင်းက လူငယ်တွေကို အလုံးအရင်းနဲ့ ပြည်ပကို ထွက်ခွာစေတဲ့ အဓိကအကြောင်းရင်းတချက် ဖြစ်တယ်လို့ IEC ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ဦးဗညားက မှတ်ချက်ပေးပါတယ်။
“တခြားဘက်မှာကြည့်ရင်လည်း လူငယ်တွေရဲ့ မြန်မာနိုင်ငံမှာ ဆက်ရှိနေရင် ကြုံတွေ့နိုင်ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုကလည်းအသက်အန္တရာယ်ကလည်း အင်မတန်မှ မြင့်မားတယ်ပေါ့နော်။ နောက် မိသားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြေရှင်းဖို့အတွက် လူငယ်တွေက နောက်ဆုံးကတော့ ရွေးချယ်ရမဲ့ အခွင့်အလမ်းကြောင့်မို့ နိုင်ငံခြားကို ထွက်ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တာပေါ့။ အဲဒါက တော်လှန်ရေးဘက်မှာလည်း စိန်ခေါ်မှု ရှိတယ်။ နိုင်ငံအတွက်လည်း စိန်ခေါ်မှုရှိတယ်။ ဒါပေမဲ့ လက်ရှိ ပကတိ အခြေအနေကလည်း သူတို့ကို ကျနော်တို့ တားဆီးလို့ မရပါဘူ။ စစ်ကော်မရှင်ရဲ့ ပစ ပေါ့။ ပြည်သူ့စစ် ဥပဒေကို အကြောင်းပြပြီး အတင်းအဓမ္မ ပေါ်တာဆွဲ၊ ဖမ်းဆီး ပြီးတော့မှ စစ်တပ်ထဲ အတင်း ထိုးသွင်းတာလည်း လူငယ်တွေကို သေတွင်းထဲကို တွန်းပို့တဲ့ အခြေအနေဖြစ်တဲ့အတွက် သူတို့တွေက အသက်အန္တရာယ် ပြန်ကြည့် ရတဲ့အတွက် ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး။”
UNDP ရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတဝန်း လူငယ်တွေရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ လုံခြုံရေး အခြေအနေတွေဟာ အပြန်အလှန် ဆက်စပ်ပြီး ပိုမိုဆိုးရွားလာနေတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ကရင်နီပြည်လို စစ်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ ဒီအကျပ်အတည်းတွေကို လူငယ်တွေ ပိုမိုပြင်းထန်စွာ ရင်ဆိုင်နေရပါတယ်။
တဖက်မှာလည်း လူငယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်နေတယ်လို့ စစ်အာဏာရှင် သမ္မတက ပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ လူငယ်တွေကို မတရား ဖမ်းဆီးတာ၊ အဓမ္မပေါ်တာဆွဲ စစ်မှုထမ်းခိုင်းတာနဲ့ ပြည်ပထွက်ခွာ မရအောင် နည်းလမ်းအမျိုးမျိုးနဲ့ တင်းကျပ်တာတွေ လုပ်ဆောင်နေပါတယ်။
ဇွဲသစ်











