DVB Logo
Home
Lead Story
ဂျပန်၊ ရှီဇူအိုကာခရိုင်၏ ပထမဆုံး နိုင်ငံခြားသား ဘတ်စ်ကားယာဉ်မောင်းအဖြစ် မြန်မာလူငယ် ၁ ဦး စတင်တာဝန်ထမ်းဆောင်
ဇော်ဇော်လှိုင်
·
October 21, 2026
Photo: Fujikyu Shizuoka
Photo: Fujikyu Shizuoka
Donate to DVB

ဂျပန်နိုင်ငံ ရှီဇူအိုကာခရိုင် ဖူဂျီမြို့ရှိ ဖူဂျီကျူးရှီဇူအိုကာ ဘတ်စ်ကားကုမ္ပဏီ (Fujikyu Shizuoka Bus) မှာ မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကိုပြည့်စုံဟာ အောက်တိုဘာ ၁၉ ရက်ကစပြီး ခရီးသည်တင်လိုင်းကားယာဉ်မောင်းအဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်နေပါတယ်။

ကိုပြည့်စုံဟာ ရှီဇူအိုကာခရိုင်အတွင်း ပထမဆုံးသော နိုင်ငံခြားသား ခရီးသည်တင် ဘတ်စ်ကားယာဉ်မောင်း ဖြစ်လာခဲ့တာလို့ ကုမ္ပဏီရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုပြည့်စုံကို DVB က ဆက်သွယ်မေးမြန်းရာမှာတော့ သူဟာ ၂၀၂၅ ခုနှစ် ဧပြီလမှာ ဂျပန်နိုင်ငံကို စတင်ရောက်ရှိခဲ့ပြီး ဂျပန်စာသင်ကျောင်း ၁ နှစ် တက်ရောက်ခဲ့ကာ ကျောင်းတက်နေစဉ် အတွင်းမှာပဲ သာမန်ယာဉ်မောင်းလိုင်စင် ရယူခဲ့ပြီး ကျောင်းပြီးချိန်မှာတော့ Fujikyu ကုမ္ပဏီမှာ အလုပ်စတင်ဝင်ရောက်ကာ ကားကြီးမောင်းလိုင်စင်ကို ဆက်လက်ရယူခဲ့တာလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုပြည့်စုံက “DVB ကနေတဆင့် ပြောချင်တာကတော့ ဂျပန်မှာ ယောက်ျားလေးတင် မဟုတ်ဘဲ မိန်းကလေးတွေပါ ကားမောင်းကြတာဖြစ်တဲ့အတွက်ကြောင့် ဝါသနာပါရင် ဒီလမ်းကို လျှောက်လှမ်းစေချင်ပါတယ်” လို့ မြန်မာလူငယ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

“နောင်မှာ မြန်မာနိုင်ငံကနေ ဂျပန်မှာ ယာဉ်မောင်းဖြစ်ဖို့ ရည်မှန်းလာကြသူတွေ ပိုများလာမယ်လို့ ထင်ပါတယ်။ သူတို့အတွက် စံနမူနာဖြစ်နိုင်အောင် ကြိုးစားသွားပါမယ်။ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပြီး ပျော်ရွှင်မှုတွေနဲ့ ခရီးသည်တွေကို သယ်ဆောင်ပေးပါမယ်” လို့လည်း ကိုပြည့်စုံက DVB ကို ထပ်မံပြောပါတယ်။

မြန်မာလူငယ်တယောက်အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဒေသခံ ပြည်သူတွေအတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပါဝင်တာဝန်ယူလာနိုင်တာဟာ ဝမ်းမြောက်စရာ သတင်းဖြစ်ပြီး နောက်ထပ် မြန်မာလူငယ်တွေအတွက်လည်း အားကျစရာနဲ့ လမ်းသစ်တခု ပွင့်သွားခဲ့တာလို့ ဂျပန်မှာ ကားလိုင်စင်သင်တန်း ဖွင့်လှစ်နေသူတယောက်က  DVB ကို ပြောပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013