
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာမှာ တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။
ဇွန် ၁၃ ရက်၊ မနက် ၅ နာရီလောက်က အောင်ချမ်းသာကျေးရွာထိပ်မှာရှိတဲ့ စိုက်ခင်းတခုအတွင်းကို ဝင်ရောက်လာတဲ့ တောဆင်ရိုင်းတကောင်ကို သွားရောက်ခြောက်လှန့်မောင်းထုတ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးမြစိန် ဟာ တောဆင်ရိုင်းရဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားတာလို့ သိရပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဦးမြစိန်က သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးသွား မှာစိုးလို့ သွားမောင်းထုတ်တာ။ ဆင်ရိုင်းကလိုက်တိုက်ခိုက်တာ။ တက်နင်းခံရပြီး တခါတည်း နေရာမှာပဲ ဆုံးသွားတာ” လို့ပြောပါတယ်။
ဦးမြစိန်ဟာ ပုဂ္ဂလိကပိုင် သီးနှံစိုက်ခင်းတခုရဲ့ ခြံ စောင့်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို အလင်းစက် လူမှုကူညီကယ်ဆယ်ရေးအသင်းက သယ်ဆောင် ပြီး ဥက္ကံပြည်သူ့ဆေးရုံရင်ခွဲရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










