
ဧရာဝတီမြစ်ရေမြှင့်တက်လာတာကြောင့် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အဖျောက်မြို့မှာ သြဂုတ် ၁၆ ရက်မှစကာ စာသင်ကျောင်း ၅ ကျောင်းပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက်က အဖျောက်မြိုမှာရှိတဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာတာကြောင့် မူလတန်းကျောင်း ၄ ကျောင်းနဲ့ အလယ်တန်းကျောင်းခွဲ ၁ ကျောင်း ပိတ်လိုက်ရတာလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။
“မပိတ်လို့မရဘူး ရေက ကျောင်းကို မြုပ်တော့မယ်။ လတ်တလော ကျောင်း ၅ ကျောင်း ၃ ရက် ယာယီပိတ်ထားတယ်။ အစားထို ပြန်သင်ပေးမယ်လို့ ပြောတယ်။ မပိတ်လို့လည်းမရဘူး၊ ရေတက်တာက ကျောင်းကမြုပ်တော့မယ်။”
ယာယီပိတ်ထားတဲ့ကျောင်းတွေကတော့ သဲရိုး၊ ရေပြန်၊ ရေလဲကြီး၊ မအူကုန်း ကျေးရွာတွေရှိ မူလတန်းကျောင်း ၄ ကျောင်းနဲ့ အလယ်ကင်းကျေးရွာရှိ အလယ်တန်းကျောင်းခွဲ ၁ ကျောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်စဥ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ လယ်တွေမှာ ဧကထောင်ချီ ဆုံးရှုံးနေတာကြောင့် ရေကြီးရေလျှံမှု အန္တရယ်ကို ကြိုတင်ကာကွယ်သင့်ကြောင်း လယ်ယာမြေလုပ်ကိုင်သူတယောက်က DVB ကို ပြောပါတယ်။
“ဧရာဝတီမြစ်ရေကြီးတဲ့ဒဏ်ကိုခံရတာ ရန်ကုန်တိုင်းမှာဆို တိုက်ကြီးက အများဆုံးပဲ။ ရေကြီးပြီး ရေပြန်ကျသွားရင် ဆုံးရှုံးရတာလယ်ယာမြေပဲ။ မနှစ်ကဆို လယ်ဧက ငါးထောင်လောက် ပျက်စီးဆုံးရှုံးသွားတယ်။ ဘယ်လိုကာကွယ်မလဲ မစဥ်းစားဘူး၊ ရေကြီးမှ သဲအိတ်ပြေးကာကြတာ။”
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှစတင်ကာ ၂၀၂၆ ခုနှစ် ဒီကနေ့အထိ ဧရာဝတီမြစ်ရေကြီးပြီး ရေကြီးရေလျှံတဲ့ပြဿနာကို တိုက်ကြီးမြိုနယ် အဖျောက်မြို့မှာ ခံစားနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း တိုက်ကြီးမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံခဲ့ပြီး စာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသလို လယ်ဧက ၅,၉၈၇ နစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။











