
ဆံပင်ဈေး တပိဿာကို ကျပ် သိန်း ၆၀ ကျော်လာချိန်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ မိသားစုစားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ ဆံပင်ဖြတ် ရောင်းတာ တွေ များလာတယ်လို့ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်ပြီး ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့ပြဿနာကြောင့် ပညာရေး၊ ကျန်းမာရေး၊ အိမ်ငှားခ၊ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်ကို ဖြတ်ရောင်းပြီး အခက်အခဲတွေကို ဖြေရှင်းကြတယ်လို့ အင်းစိန်မြို့မှ ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူ တယောက်က DVB ကို ပြောပါတယ်။
“အိမ်ငှားခ ပေးစရာမရှိလို့ လာရောင်းတဲ့သူ ရှိတယ်။ ကျောင်းစရိတ်မလောက်လို့ လာရောင်းတဲ့သူ ရှိတယ်။ မိဘ ဆေးရုံတင်ရလို့ ဆေးဖိုးလိုလို့ လာရောင်းတဲ့သူ ရှိတယ်။ တချို့ဆို စားစရာမရှိလို့ လာရောင်းကြတာ။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ ပြဿနာက ပိုဆိုးလာတယ်” လို့ ပြောပါတယ်။
ပန်းနာရင်ကျပ်ဖြစ်နေတဲ့ မိခင်ဖြစ်သူ ဆေးကုသဖို့အတွက် ဆေးရုံစရိတ် လိုအပ်လို့ ရပ်ကွက်အတွင်း အတိုးနဲ့ငွေလိုက်ချေးတာ မရတဲ့အတွက် ဆံပင်ဖြတ်ရောင်းပြီး ရလာတဲ့ငွေနဲ့ ဆေးကုသ ပေးခဲ့ရတယ်လို့ အထည်ချုပ်စက်ရုံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“အမေဆေးရုံတင်ရတော့ အရေးပေါ်ငွေလိုလို့ အတိုးနဲ့ပိုက်ဆံလိုက်ချေးတာ ဘယ်မှာမှမရဘူး၊ ကြံရာမရတဲ့အဆုံး ဆံပင်ဖြတ်ရောင်းလိုက်တယ်။ ညီမ ဆံပင်က အရှည် ၃၃ လက်မကျော်တယ်။ ဖြတ်လိုက်တာ ၂၃ ကျပ်သားကျော်ကို ဆိုင်က ကျပ် ၁၇ သိန်းပေးတယ်။ အဲပိုက်ဆံနဲ့အမေကို ဆေးကုတာ။”
ဆံပင်စျေးမှာ ၁၂ လက်မ တကျပ်သားကို ကျပ် ၆,၀၀၀ ကစပေးပြီး လက်မအလိုက် ဈေးနှုန်း တိုးသွားကာ ၃၃ လက်မနဲ့အထက်ဖြစ်ပါက တကျပ်သားကို ကျပ် ၆၃,၀၀၀ အထိ ဈေးကောင်း ပေးဝယ်တယ်လို့ ဆံပင်အဝယ်ဒိုင်လုပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဆံပင်ဈေးက အပွတကျပ်သားကို ကျပ် ၆,၀၀၀ ရှိတယ်။ ဆံပင်ရှည်ဈေးက ၁၂ လက်မကနေ စပြီးဝယ်တာ၊ တကျပ်သားကို ၇,၀၀၀ ကနေ ၆၃,၀၀၀ အထိ ပေါက်ဈေးရှိတယ်။ လက်မတိုးရင် ဈေးနှုန်းတိုးသွားတာ။ ဈေးကောင်းရဖို့ ရောင်းမဲ့ဆံပင်မှာ သန်းဥပါလို့မရဘူး။ အတိုအရှည် မညီလို့မရဘူး။ ရောင်းခါနီး ဆီလိမ်းထားလို့ မရဘူး။”
လက်ရှိ ဆံပင်ဈေးကွက်မှာ ဆံပင်တကျပ်သားပေါက်စျေးကို ၁၂ လက်မအထက် ကျပ် ၇,၀၀၀၊ ၁၃ လက်မနဲ့အထက် ၈,၀၀၀၊ ၁၆ လက်မအထက် ၉,၀၀၀၊ ၁၈ လက်မအထက် ၁၃,၀၀၀၊ ၂၀ လက်မအထက် ၂၃,၀၀၀၊ ၂၅ လက်မအထက် ၄၀,၀၀၀၊ ၂၈ လက်မအထက် ၄၇,၀၀၀၊ ၃၀ လက်မအထက် ၅၂,၀၀၀၊ ၃၃ လက်မအထက် ၆၂,၀၀၀ ရှိတယ်လို့ ဆံပင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။











