
စစ်အာဏာရှင်လက်အောက်ခံ ကာကွယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အစားထိုးခန့်အပ်မယ်လို့ စစ်အာဏာရှင်က အမည်စာရင်း ပေးပို့ကာ အသိပေး အကြောင်းကြားထားတယ်လို့ အောက်တိုဘာ ၁၂ ရက် စစ်အာဏာရှင်ဩဇာခံ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးက လွှတ်တော်အမတ်တွေကို အသိပေး အကြောင်းကြားပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာမှာ အစားထိုး ခန့်အပ်တာဝန်ပေးလိုသော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာမှာ ခန့်အပ်တာဝန်ပေးလိုသော ဒေါက်တာ ကိုကိုလွင်တို့ ဖြစ်ပါတယ်။”
လေတပ်ဦးစီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်ကို စစ်အာဏာရှင် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေးခဲ့ပြီး အခု ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာပါ။
စစ်တက္ကသိုလ်အပတ်စဉ် ၂၂ က သင်တန်းဆင်းလာသူဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်အာဏာရှင်တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ စစ်ဥပဒေချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဒါကြောင့် သူ့အနေနဲ့ တာဝန်ကို ပူးတွဲယူမလား၊ ဒါမှမဟုတ် NSPNC ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ကို လွှဲပေးမလား ဆိုတာနဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီးကိုလည်း ဘယ်ကိုပြောင်းရွှေ့မယ် ဆိုတာတွေနဲ့ ပတ်သက်လို့ မသိရသေးပါဘူး။
ဒုဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အလားတူ လစ်လပ်နေတဲ့ လူကယ်ပြန်ဝန်ကြီးနေရာအတွက် အမည်စာရင်းပေးခံရတဲ့ ဒေါက်တာကိုကိုလွင်ဟာ အငြိမ်းစားဗိုလ်ချုပ်လို့ သိရပြီး အရင် ခုတင် ၇၀၀ မှာ တပ်မှူးလုပ်ခဲ့ဖူးသူ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။











