အမေရိကန်နဲ့ စစ်ရေးပဋိပက္ခ တဖန်ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြချိန်မှာပဲ အောက်တိုဘာ ၁၈ ရက်က အီရန် ကာကွယ်ရေးဝန်ကြီးနေရာကို အသစ်ခန့်အပ်လိုက်ပါတယ်။
အသက် ၆၈ နှစ်အရွယ် မဟူဒါ့ဒ် အက်ခလာဂီ ကက်ဘာချီကို ကာကွယ်ရေးဝန်ကြီး အသစ်အနေနဲ့ လွှတ်တော်ကတဆင့် မဲခွဲ အတည်ပြုပေးခဲ့တာပါ။
အဲဒီမှာ လွှတ်တော်အမတ် ၂၃၇ ယောက်က ထောက်ခံမဲပေးခဲ့ကြပြီး ၁၅ ယောက်သာ ကန့်ကွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း အီရန်လွှတ်တော်အစည်းအဝေးတွေကို အွန်လိုင်းကနေသာ ပြုလုပ်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အက်ခလာဂီက ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ထောက်ပံ့ပို့ဆောင်ရေး ဝန်ကြီးဌာနကို ဦးဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။
အခုလိုမျိုး အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ပထမဆုံးနေ့မှာတင် အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ နဲ့အတူ ကာကွယ်ရေးဝန်ကြီးဟောင်း အဇိဇ် နာဆီဇာဒေးလည်း သေဆုံးခဲ့ရပါတယ်။
အဲဒီနောက် လစ်လပ်သွားတဲ့ ရာထူးကို မာဂျစ်ဒ် အက်ဘ်နို-အီ ရေဇာက ယာယီတာဝန်ယူပေးခဲ့သလို လက်ရှိမှာလည်း အက်ခလာဂီရဲ့ ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ အီရန် စစ်ဘက်ဆိုင်ရာ စက်မှုအခြေခံ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ တိုးချဲ့ဖို့အတွက်ပါ အက်ခလာဂီက အဓိက တာဝန်ယူပေးရဖို့ ရှိနေပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ခီယန် ကတော့ အက်ခလာဂီကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေမှာ လုပ်သက်အတွေ့အကြုံ ၄၂ နှစ်နဲ့အထက် ရှိတယ်ဆိုပြီး ချီးကျူးထားပါတယ်။
အလားတူ အီရန်နိုင်ငံပိုင် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အက်ခလာဂီဟာ ပဲ့ထိန်းဒုံးကျည်၊ လောင်စာခဲသုံး တွန်းကန်အားစနစ်၊ အာကာသနဲ့ လေကြောင်းဆိုင်ရာ နည်းပညာတွေအပြင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍတွေမှာပါ အထူးကျွမ်းကျင်သူတယောက် ဖြစ်တယ်လို့ သိရပါတယ်။
Source: Reuters











