
ပိုလန်နိုင်ငံမှာ ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်နဲ့ ကာကွယ်ရေးဝန်ကြီး ဝါဒိစ်လာဗ် ကိုရှီးညက်-ကာမစ်ဇ်တို့ကို တိုက်ခိုက်နိုင်ခြေရှိတဲ့ သတင်းအချက်အလက်တွေ ရထားတယ်လို့ ပိုလန်ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ပိုလန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက အောက်တိုဘာ ၁၁ ရက်မှာ X လူမှုကွန်ရက်မှာ ရေးပါတယ်။
ကြာသပတေးနေ့က ကျောင်းတကျောင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ကျောင်းစောင့်တယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ပိုလန်အာဏာပိုင်တွေက လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေချိန်မှာ ဒီကြေညာချက် ထွက်လာတာပါ။
ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်နဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဝါဒိစ်လာဗ် ကိုရှီးညက်-ကာမစ်ဇ်တို့အပေါ် တိုက်ခိုက်နိုင်ခြေရှိတယ် ဆိုတဲ့ ပိုလန်ရဲတပ်ဖွဲ့ဆီက သတင်းကို ရပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီး မာချင် ကီယာဝင်စကီနဲ့ အထူးဝန်ဆောင်မှု လုပ်ငန်းများ ညှိနှိုင်းရေးဝန်ကြီး သောမတ်စ် ရှီမိုနက်ခ်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထဲရေးပြောခွင့်ရ ကာရိုလီနာ ဂါလက်စ်ကာက ရေးသားဖော်ပြပါတယ်။
ပြည်တွင်းလုံခြုံရေးအေဂျင်စီ (ABW) ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာမှာ အစည်းအဝေးတရပ် ကျင်းပသွားမယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။
Source: Reuters











