
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ဟာ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေမှာ ရာထူးစွန့်လွှတ်ရနိုင်ခြေ ရှိတယ် ဆိုပြီး သတင်းထွက်နေပါတယ်။
အဲဒီနောက် ဟက်ဂ်ဆက်သ်ရဲ့နေရာကို အစားထိုးပေးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ ပြည်တွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ငြင်းဆန်ထားပါတယ်။
ဒါဟာ အီရန်စစ်ပွဲကြောင့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ ရှုံးနိမ့် ခဲ့ရသလို ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်ရဲ့ ကိုင်တွယ်ပုံကြောင့်လို့လည်း ဆိုပါတယ်။
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် သောမက်စ်မတ်စီကတော့ ဟက်ဂ်ဆက်သ်အပေါ် စွပ်စွဲ ပြစ်တင်ရေး မဲခွဲဆုံးဖြတ်မှုကို မကြာခင် စတင်နိုင်ဖို့ တွန်းအားပေးမယ်ဆိုပြီး ခြိမ်းခြောက် ထားပါတယ်။
ဒါကြောင့်ပဲ ဟက်ဂ်ဆက်သ်ဘက်က “သူတို့တိုက်ခိုက်နေတာ ခင်ဗျားတို့မြင်ကြလား၊ ကျနော်တို့ လုပ်ဆောင်ချက်တွေ ထိရောက်အောင်မြင်နေလို့ အတိုက်အခိုက်ရှိလာတာပါ။ သူတို့အကြံ အောင်မြင်မှာ မဟုတ်သလို ကျနော်တို့လည်း နောက်ဆုတ်မှာ မဟုတ်ဘူး”လို့ တုံ့ပြန်ထားပါတယ်။
အခုလိုမျိုး ဟက်ဂ်ဆက်သ်နဲ့ ပတ်သက်ပြီး ဖုန်းဆက်တောင်းဆိုတာတွေ ရှိနေပေမဲ့လည်း သူ့ကို ရာထူးမှာဆက်ထားဖို့ အပြည့်အဝ ရည်ရွယ်ထားကြောင်း သမ္မတ ထရမ့်ပ်က အတည်ပြုပါတယ်။
The Washington Post သတင်းစာရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ထရမ့်ပ်က ဟက်ဂ်ဆက်သ် အစား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း ဒါမှမဟုတ် Centcom အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အကြီးအကဲ ဘရက်ဒ်ကူးပါး တို့ကိုသာ ထုတ်ပယ်လိုက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၈ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို ရူဘီယို အနေနဲ့ ငြင်းဆိုထားပါတယ်။
လက်ရှိ ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးတဲ့အချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင် သွားဖို့ဟာ “အမြဲတမ်းကျနော့်အစီအစဉ်” ဖြစ်တယ်လို့ ဖြည့်စွက် ပြောပါတယ်။
တချိန်တည်းမှာ ဟက်ဂ်ဆက်သ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာနက သမ္မတ ထရမ့်ပ်ရဲ့ “အမေရိကန်ပထမဦးစားပေး” ဆိုတဲ့ မူဝါဒကို ဘယ်လိုမျိုး အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုတဲ့ စာရင်းပါ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ စစ်တပ်က လူသစ်စုဆောင်းမှု ပြန်လည်အသက်သွင်းတာ၊ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်တာနဲ့ မတူကွဲပြားသူတွေ ပါဝင်ခွင့်ရရေး အစီအစဉ်ကို အမြစ်ဖြတ် ဖယ်ရှားတာမျိုးအထိ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
Source: Reuters











