
စစ်အာဏာရှင်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ နိုဝင်ဘာ ၃ ရက်က တွေ့ဆုံပြီး နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဘက်စလုံးက သတင်းထုတ် ပြန်ပါတယ်။
မင့်စ်ခ်မြို့မှာကျင်းပတဲ့ (၄) ကြိမ်မြောက် ယူရေးရှား လုံခြုံရေးဆိုင်ရာ နိုင်ငံတကာညီလာခံပြင်ပမှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာတွေ့ဆွေးနွေးမှုတွေ၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေအပါအဝင် ဦးစားပေးကဏ္ဍတွေမှာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမဲ့ အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းမျက်နှာစာမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး အလက်ဇန္ဒား ဗန်နီဒီကော့ဗ်နဲ့ သီးခြား တွေ့ဆုံရာမှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ပညာရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် ပြီးခဲ့တဲ့ဩဂုတ်လက စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာတွေကို ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ စစ်တပ်က သင်တန်းသားတွေ စေလွှတ်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်အာဏာရှင်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဝန်ကြီးဦးတင်မောင်ဆွေဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် နျူလန် ယာမတ်ဘာယက်ဗ် ဘယ်လာရုစ် နိုင်ငံခြား ရေးဝန်ကြီး မက်ဆင် ရူဇန်ကော့ဗ်တို့နဲ့လည်း သီးခြားတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်လာရုစ်ဝန်ကြီး မက်ဆင်ရူဇန်ကော့ဗ်နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံရုံးကို နေပြည်တော်မှာ စတင်ဖွင့်လှစ်ထားရှိမှု၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးအပါ အဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ယူရေးရှား လုံခြုံရေးဆိုင်ရာ နိုင်ငံတကာညီလာခံအတွင်း ဝန်ကြီး ဦးတင်မောင်ဆွေက မိန့်ခွန်းပြောကြားရာမှာတော့ မင်းအောင်လှိုင်အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အဓိကရည်မှန်းချက်နှစ်ရပ်ကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ဆိုက်ဘာခြိမ်းခြောက်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှု နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်နေပြီး၊ အိမ်နီးချင်း နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါညီလာခံကို မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ လာအို၊ ကမ္ဘောဒီးယား၊ အီရန်၊ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ စုစုပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။











