
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂျီ တိုရှိမိစု၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျန်းတို့နဲ့ စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောမဲ့ အစီအစဉ်တွေမတိုင်မီ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ကြား ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တနင်္လာနေ့မှာ ရူဘီအိုက အာရှမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တာပါ။
တရုတ်ပြည်မကြီးအစိုးရနဲ့ စီးပွားရေးအရ အကျိုးအမြတ်ရရှိရေးအတွက် ထရမ့်ပ်အနေနဲ့ ထိုင်ဝမ် ကိစ္စနဲ့ ကုန်သွယ်ရေးကိစ္စတွေအပါအဝင် အချက်တချို့မှာ တရုတ်ခေါင်းဆောင် ရှီကို လိုက်လျောမှာ ကို မဟာမိတ်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အင်္ဂါနေ့မှာ မိန့်ခွန်းပြောဖို့အစီအစဉ်ရှိတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း အမေရိကန် သမ္မတနဲ့တွေ့ဖို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာ့ခါ့အိချိနဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် တို့က စိတ်အားထက်သန်နေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ထရမ့်ပ်က ဝါရှင်တန်မြို့တော်က အိမ်ဖြူတော်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လာမဲ့ ကြာသပတေး နေ့ လက်ခံတွေ့ဆုံမှာပါ။
ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေအပြင်၊ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် သက်ရောက် စေမဲ့ ကုန်သွယ်ရေးဆိုင်ရာကြေညာချက်တွေကိုလည်း မဟာမိတ်နိုင်ငံတွေက အနီးကပ် စောင့်ကြည့် လေ့လာသွားမယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ နယူးယောက်က ဟိုတယ်တခုမှာ တွေ့ဆုံဆွေးနွေးတာမလုပ်မီ ဓာတ်ပုံရိုက်ကူးခဲ့ကြပေမဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုတော့ မဖြေခဲ့ပါဘူး။
Source:Reuters











