
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယူနိုက်တက်ရုရှားပါတီဟာ အများမျှော်လင့်ထားတဲ့အတိုင်း လွှတ်တော်ရွေးကောက်ပွဲမှာ စံချိန်တင် အမတ်နေရာအများစု အနိုင်ရရှိထားကြောင်း မဲရေတွက်မှု ပြီးဆုံးခါနီး ရလဒ်တွေအရ သိရပါတယ်။
၃ ရက်ကြာ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ အတိုက်အခံပါတီအားလုံးနီးပါး ပါဝင်ခွင့် မရပေမဲ့ စက်တင်ဘာ ၂၁ ရက်တုန်းက တရားဝင်မဲရလဒ်တွေကို ကနဦးကြေညာပေးခဲ့တာပါ။
ရုရှားနိုင်ငံရေးကို ၂၅ နှစ်ကြာ လွှမ်းမိုးထားခဲ့တဲ့ ယူနိုက်တက်ရုရှား ပါတီကပဲ ဆန္ဒမဲစုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခဲ့တဲ့အလျောက် ဒူးမား အောက်လွှတ်တော်မှာ အမတ်နေရာ ၄ ပုံ ၃ ပုံနဲ့ အထက်အနိုင်ရဖို့ သေချာသလောက် ရှိနေပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲ ဖြစ်သလို တရားမဝင် သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသ ၄ ခုလည်း ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။
ရုရှားရွေးကောက်ပွဲ ဗဟိုကော်မရှင်ဥက္ကဋ္ဌ အယ်လာ ပမ်ဖီလဗာကတော့ တခုတည်းသော စစ်ဆန့်ကျင်ရေးပါတီဖြစ်တဲ့ ရာဘလိုကာဟာ နိုင်ငံတော်အဆင့်မှာ အမတ်နေရာ တနေရာကိုတောင် မရရှိခဲ့ဘူးဆိုပြီး အတည်ပြုပါတယ်။
တချိန်တည်းမှာ ကွန်မြူနစ်ပါတီဟာ မဲအရေအတွက် ၁၃ ဒသမ ၈ ရာခိုင်နှုန်း နဲ့ အောက်လွှတ်တော် အမတ်နေရာ ၄၀ အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီး LDPR အမျိုးသားရေးပါတီက ၂၅ နေရာ နဲ့ New People ပါတီကတော့ နေရာ ၂၀ ကို အသီးအသီး အနိုင်ရခဲ့တာ တွေ့ရပါတယ်။
ရာဘလိုကာနဲ့ ကွန်မြူနစ်ပါတီက အစိုးရမူဝါဒတချို့ကို ထောက်ပြခဲ့ဖူးပေမဲ့ သမ္မတ ပူတင်အပေါ် တိုက်ရိုက်ဝေဖန်တာမျိုးတော့ ရှောင်ကြဉ်လေ့ရှိပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် တာတီယာနာ စတန်နိုဗာယာက “ယူနိုက်တက်ရုရှား ပါတီရဲ့ အနိုင်ရလဒ်ကို ပူတင်က စစ်ပွဲအပေါ် အများပြည်သူ ထောက်ခံမှု ရှိတယ်ဆိုတဲ့ အတည်ပြုချက်အနေနဲ့ အဓိပ္ပါယ်ကောက်ယူမှာ သေချာပါတယ်။ တကယ်တမ်းမှာ တော့ စစ်ပွဲကိုအဆုံးသတ်ဖို့ တောင်းဆိုမှုတွေကသာ ပိုပြီးများပြားလာတာပါ”လို့ မှတ်ချက်ပေးပါတယ်။
ဥရောပကော်မရှင်ဒု-ဥက္ကဋ္ဌ ကာယာကားလက်စ်ကလည်း "ရုရှားနိုင်ငံမှာ ဒီမိုကရေစီဆိုတာ အပေါ်ယံဟန်ပြလောက်ပဲကျန်ပါတော့တယ်" ဆိုပြီး ရွေးကောက်ပွဲကို ဝေဖန်သွားပါတယ်။
ဒါ့အပြင် ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံ ၅ နိုင်ငံက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး ရုရှားသိမ်းပိုက်ထားရာ ယူကရိန်းဒေသတွေမှာပါ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို " အတုအယောင် " အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
Source:Reuters











