
မဲခေါင်မြစ်ဟာ ကီလိုမီတာပေါင်း ၄,၈၀၀ နီးပါးရှည်လျားပြီး ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ် ဖြစ်ပါတယ်။
တိဗက်ကုန်းမြင့်ကနေ မြစ်ဖျားခံလာတဲ့ ဒီမြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံ ၆ နိုင်ငံကို ဖြတ်သန်းစီးဆင်းပါတယ်။
တရုတ်နိုင်ငံအတွင်းစီးဆင်းနေတဲ့ မဲခေါင်မြစ်အထက်ပိုင်းကို လန်ချန်းမြစ်လို့ တရုတ်တို့က ခေါ်ဆိုပြီး အဲဒီမှာ ရေအားလျှပ်စစ် ထုတ်ယူနေတဲ့ ရေကာတာပေါင်းက ၁၂ ခုအထိ ရှိနေပါတယ်။ မြစ်အောက်ပိုင်းမှာတော့ လက်ရှိလည်ပတ်နေတဲ့ ရေကာတာ ၂ ခုရှိပြီး ထပ်ဆောက်ဖို့ လျာထားတဲ့ စီမံကိန်းတွေကလည်း အများအပြား ရှိနေပါတယ်။
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံကလည်း မြစ်ကြောင်းတလျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ လက်ရှိမှာ လုပ်ဆောင်လာနေပါပြီ။
မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ဇူလိုင်လဆန်းပိုင်းက သွားရောက်ခဲ့တဲ့ လာအိုနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာ-လာအို ရေအားလျှပ်စစ်စီမံကိန်းအတွက် မဲခေါင်မြစ်ဝှမ်းမှာ ၂ နိုင်ငံပူးပေါင်းပြီး ဖြစ်နိုင်ခြေလေ့လာဖို့ သဘောတူစာချုပ်တစောင်ကို လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ဒီစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ်ထွက်ရှိမယ်လို့ ကနဦး ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မဲခေါင်မြစ်နဲ့ မြစ်လက်တက်တွေမှာ တည်ဆောက်ပြီးစီးတာနဲ့ ဆောက်လုပ်ဆဲ ဆည်တာတမံပေါင်းက ၇၀၀ ကျော်ရှိနေတယ်လို့ မြစ်ဝှမ်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုထားပါတယ်။
ဒီစီမံကိန်းတွေကြောင့် မြစ်ဝှမ်းတလျှောက် ဂေဟစနစ် ပျက်စီးမှုတွေအပြင် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ်မှာလည်း ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် မြစ်အောက်ပိုင်းနိုင်ငံတွေမှာ မိုးခေါင်ရေရှားမှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေရတာပါ။
မြစ်ဝှမ်းနိုင်ငံတွေရဲ့ အစိုးရတွေကတော့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် မီးလင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုနေပေမဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဂေဟစနစ် တည်တံ့မှုကို လျစ်လျူရှုထားတဲ့ ဖွံ့ဖြိုးရေးဟာ ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ဖွံ့ဖြိုးရေးလား ဆိုတာကတော့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။










